မီးခိုးငွေ့တလူလူနဲ့ဘာကြီးတုန်းဟ

ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းနှင့် ယာဥ်တန်းကို မိုင်းဆွဲ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား

■ စစ်တပ်က လက်တောင်းငယ်ရွာကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းကို မိုင်းဆွဲ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှ ၁၀ နာရီ အထိ ယင်းမာပင်မြို့နယ် လည်ငေါက်ရွာ တောင်ဘက်၌ အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းနှင့် ရှေ့ပြေး စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တစ်ဖက်ပွင့်မိုင်းများ၊ အန်စာတုံးမိုင်းများဖြင့် မိုင်းဆွဲပြီး လက်နက်ငယ်များ ၊ ၆၀ မမ ၊ ၈၀ မမ ၊ ၉၀ မမ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကာ အကြမ်းဖက် စစ်သားများ အထိအခိုက် အကျအဆုံးများနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ ဒေါင်းနက် တပ်ဖွဲ့ ၊ ဘာမရှောင် တပ်ဖွဲ့၊ ကျောင်းသားသမဂ္ဂ မဟာမိတ်များ အဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ နိုဝင်ဘာ၈ရက်နေ့ကတော့ ကျွန်တော်တို့ အဲဒီစစ်ကြောင်းကို မနက်ခင်း၈နာရီအချိန်ကစပြီး နေရာသုံးနေရာကနေ မိုင်းဆွဲတာတွေပြုလုပ်နေတယ်။မိုင်းအလုံးအရေအတွက်ကတော့၃နေရာကို ရှေ့ထွက်ပဒေသာမိုင်း၁၄လုံးအသုံးပြုပြီးတိုက်ခိုက်ခဲ့တာပါဗျ။သူတို့ဘက်ကအထိနာပြီး လက်တောင်ကြီးရွာအနီးက ဒေသခံပြည်သူတွေရဲ့ မွေးမြူရေးကြက်ခြံတွေကိုမီးရှို့တာတွေလုပ်နေတယ်။စစ်ကြောင်းက မထွက်သေးတော့ မီးလောင်ဆုံးရှုံးတဲ့အရေအတွက်ကိုလည်း အတိကျပြောလို့မရသေးဘူး” ဟု ယင်မာပင်ခရိုင် တပ်ရင် ၁၀ ဒေါင်းနက်အဖွဲ့တာဝန်ရှိသူ ရဲဘော်ကိုပေက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက စတင်၍ ပုလဲမြို့မှ ယင်းမာပင်မြို့နယ်ဘက်ကို စစ်ကား ၂ စီး အပါအဝင် အင်အား ၇၀ ကျော်ခန့်နှင့် စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးရဲဘော်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသတွင်းရှိ ကာကွယ်ရေးအဖွဲ့များထံမှ သိရှိရသည်။

“တိုက်ပွဲကတော့ ဖြစ်နေတာ ၃ရက်အထိ ရှိနေပြီ။ ၆ရက်နေ့ကတော့ နမခတပ်ကနေဂျက်လေယာဉ်၂စီးနဲ့ လက်တောင်ကြီးရွာအနီဆင်းပြီး သေဆုံးဒဏ်ရာရရှိတာတွေ သယ်သွားတာရှိတယ်။ကျွန်တော်တို့ဒေသခံတွေကတော့ နှစ်ဖက်ထိတွေပစ်ခတ်တိုက်ပွဲဖြစ်နေလို့ နေရပ်စွန်ခွာနေရတယ်” ဟု လက်တောင်းကြီးရွာ မှ ဒေသပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

လက်ရှိအချိန်တွင် တော်လှန်ရေးအဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေ၍ ကျေးရွာ ၁၀ ရွာကျော်ရှိ ထောင်နှင့် ချီသော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *