ကာလုံအစည်းအဝေးသည် လက်ရှိပြသနာများကို ဖြေရှင်းနိုင်ခြင်းမရှိသလို အကျိုးမရှိဟုဆို

စစ်ကောင်စီ၏ ကာလုံအစည်းအဝေးသည် လက်ရှိပြသနာများကို ဖြေရှင်းနိုင်ခြင်းမရှိသလို အကျိုးမရှိဟုဆို

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၁၁ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးဆောင်ပြုလုပ်သည့် ကာလုံအစည်းအဝေးသည် ကိုးကန့်တပ်ဖွဲ့ကို အဓိက ထိုးနှက်ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် အကျိူးရှိလာမည် မဟုတ်သလို လက်ရှိအခြေအနေအရ စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း စစ်တိုက်လိုစိတ် မရှိတော့ကြောင်း လေ့လာသူနှင့် TNLA က သုံးသပ်ပြောဆိုသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲများ၌ အထိနာ မရှုမလှဖြစ်နေသည့် စစ်ကောင်စီက ယင်းအခြေအနေနှင့် ပတ်သက်၍ နိုဝင်ဘာ ၈ ရက်က နေပြည်တော်တွင် ကာလုံအစည်းအဝေး ပြုလုပ်ကာ ကိုးကန့်အဖွဲ့-MNDAA အနေဖြင့် လောက်ကိုင်ဒေသတွင် ၎င်းတို့အာဏာ ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ယခုကဲ့သို့ တိုက်ခိုက်လာကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် မြန်မာပြည် ပြည်တွင်းစစ်သမိုင်း၌ မကြုံဖူးသော အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရသဖြင့် ကာလုံအစည်းအဝေးကို ကျင်းပသင့်သော်လည်း ယင်ပြဿနာများနှင့် ပတ်သက်၍ မည်သို့ဖြေရှင်းမည်ကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခြင်းမရှိဘဲ ကိုးကန့်အဖွဲ့-MNDAA ကို အဓိက ထိုးနှက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အဲဒီလို ပြောနည်းဆိုနည်းတွေနဲ့ကတော့ အကျိုးမရှိပါဘူး။ နောက်ပြီးတော့ ဒီပြဿနာ ဖြေရှင်းရေးအတွက်လည်း ဘာမှအကျိုးမရှိဘူး။ အဲဒီတော့ ကာလုံအစည်းအဝေးက ကျင်းပပင်ကျင်းပသော်ငြားလည်း အခုရှိနေတဲ့ မြန်မာပြည်ပြဿနာ ဖြေရှင်းရေးအတွက် သင့်လျော်လျောက်ပတ်တဲ့ လမ်းကြောင်းကို ရွေးချယ်တာ၊ ဆွေးနွေးတာ အဲဒါတွေ မတွေ့ရဘူး။ အဲဒါကြောင့် ဒီကာလုံအစည်းအဝေးက ပြဿနာတွေကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး“ဟု ၎င်းက ဆိုသည်။

ကိုးကန့်အဖွဲ့-MNDAA အနေဖြင့် “ဝ” နယ်မြေအတွင်း၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သလို အဆိုပါ ၁၀၂၇ စစ်ဆင်ရေးတွင်လည်း တရုတ်နိုင်ငံထုတ် Drone များကို အဓိကထား အသုံးပြု တိုက်ခိုက်ခဲ့ပြီး MNDAA နှင့်အတူ KIA ၊ TNLA ၊ AA နှင့် PDF အဖွဲ့များ ပါဝင်ခဲ့သော်လည်း MNDAA နှင့် TNLA သည် အဓိကဖြစ်ကြောင်း စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးတွင် ထည့်သွင်းပြောဆိုသည်။

“ရှမ်းမြောက်ပြဿနာတင် မဟုတ်ဘူး။ တစ်ပြည်လုံးမှာ အုံကြွတော်လှန်နေတဲ့ အနေအထားတွေ၊ နယ်ပယ်ပေါင်းစုံမှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို ဆွေးနွေးဖြေရှင်းမှာလား။ ဒါမှမဟုတ် စစ်ရေးအရ အကြမ်းဖက်ဖိနှိပ်မှာလား။ ဘာလုပ်မှာလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဖြေမပါတဲ့အတွက် ဒီကာလုံအစည်းအဝေးက တိုင်းပြည်အတွက် အကျိုးမရှိလာဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

အဆိုပါ ကာလုံအစည်းအဝေးတွင် စစ်ခေါင်းဆောင်၏ စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်၍ စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေက စစ်တပ်အနေဖြင့် စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်ပြီး ယခုကိစ္စကို သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လိုကြောင်း ထောက်ခံစကားဆိုသည်။

ယင်းအပြင် ယခုကဲ့သို့ တိုင်းပြည်အတွက် အရေးကြီးသည့်ကာလတွင် တစ်နိုင်ငံလုံးက စစ်တပ်ကို ထောက်ခံအကူအညီပေးရန် လိုအပ်ပြီး စစ်တပ်က အသက်စွန့်၍ တာဝန် ထမ်းဆောင် ကာကွယ်နိုင်ခဲ့သည့်အတွက် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှု ရရှိနေသည်ဟု ၎င်းက မဟုတ်မမှန် ပြောဆိုခဲ့သည်။

“တိုက်ပွဲစတဲ့ အချိန်ကတည်းက ကျွန်တော်တို့ ကြေညာချက် ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ ဒီထုတ်ပြန်ကြေညာချက်အတိုင်းပဲ လက်ရှိကျွန်တော်တို့ ဆက်လုပ်နေပါတယ်။ ကာလုံအစည်းအဝေးနဲ့ ပတ်သက်ပြီး အခုတော့ ဘာမှမှတ်ချက်ပေးစရာ မရှိသေးဘူး”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA ၊ TNLA နှင့် AA တို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ စတင်၍ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ရာ နှစ်ပတ်တာအတွင်း မြို့ ၁၁ မြို့နှင့် စစ်ကောင်စီ တပ်စခန်း ၁၆၀ ထက်မနည်း သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကာကားအပါအ၀င် တင့်ကား ရှစ်စီးတို့ကိုလည်း တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း သတင်းနေ့တိုင်း ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ တော်တော်များများလည်း လက်နက်ချပြီး အလင်းဝင်လာတယ်။ ပူးပေါင်းလာတာကို တွေ့ရတယ်။ နောက်တချို့နေရာမှာလည်း တိုက်ပွဲမတိုက်ချင်လို့ ထွက်ပြေးသွားတာတွေ၊ ကျွန်တော်တို့ ဖမ်းဆီးရမိတာတွေလည်း ရှိတယ်ပေါ့။ အဲဒါတွေကို ပြန်ကြည့်မယ် ဆိုရင်တော့ အောက်ခြေမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက စစ်တိုက်ချင်စိတ် မရှိတော့ဘူးဆိုတာ သုံးသပ်လို့ရတယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ မုံးကိုးအ‌ခြေစိုက် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင်အပြင် တပ်မ ၉၉ လက်အောက်ခံ ခမရ-၁၁၃ ခြေမြန်တပ်ရင်းနှင့် ခမရ-၄၁၈ ခြေမြန်တပ်ရင်းမှ အရာရှိ၊ အရာခံ၊ တပ်သားများလည်း သေဆုံးမှုများကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီ တပ်သားများနှင့် ပြည်သူ့စစ်အဖွဲ့၀င်များသည် စစ်မတိုက်လို၍ လက်နက်များထားကာ ထွက်ပြေးခြင်းနှင့် လက်နက်ချ အလင်းဝင်ခြင်းများလည်း များပြားလာကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *