အော် အပြစ်မဲ့ ပြည်သူတွေကို -တ်ဖို့ နားချိန်တောင်မရှိကြဘူးတဲ့

ပါဏာတိပါတာ ကံမြောက်တယ်

နေရာစုံမှ စစ်ဆင်ရေးများကြောင့် စစ်ကောင်စီလေယာဉ်မှူးတွေ နားချိန်မရှိဘဲ တာဝန်ထမ်းနေရ

ဧရာ၀တီတိုင်းမ်

နိုဝင်ဘာလ ၁၇ ရက်

မြန်မာပြည်ဒေသအနှံ့အပြားမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီလေတပ်က လေယာဉ်မှူးတွေဟာ နားချိန်မရှိဘဲ အထူး စစ်ဆင်ရေး ကာလအဖြစ် နေ့စဉ်တာဝန်ထမ်းဆောင်နေရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ကိုးကန့်တပ်မတော် MNDAA၊ တအောင်းပလောင်တပ်မတော် – TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က ၁၀၂၇ စစ်ဆင်ရေးပြုလုပ်ကာ စစ်ကောင်စီထိမ်းချုပ်ထားတဲ့ မြို့ ၈ မြို့နဲ့ တပ်စခန်းပေါင်း ၁၆၀ ကျော်ကို သိမ်းယူထားသလို ဒီကနေ့အထိလည်း အပြင်းအထန် ဆက်လက်တိုက်ခိုက် နေဆဲ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာလည်း ကရင်နီ ပူးပေါင်း တပ်တွေက ၁ လေးလုံး စစ်ဆင်ရေးအဖြစ် ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြိုကို ပိတ်ဆို့တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကချင့်လွတ်မြောက်ရေးတပ်မတော် – KIA ကလည်း ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနေသလို KIA နဲ့ NUG အစိုးရလက်အောက်ခံ PDF ပူးပေါင်းတပ်တွေကလည်း စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့တွေကို သိမ်းယူမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး ရက္ခိုင့်တပ်တော် – AA က ၁၀၂၇ စစ်ဆင်ရေးအဖြစ် မောင်တော၊ မင်းပြား၊ ရသေ့တောင်နဲ့ ပလက်၀မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းနဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက် သိမ်းပိုက်ဖို့ ကြိုးပမ်းနေပါတယ်။

အလားတူ ချင်းပြည်နယ်မြောက်ပိုင်းမှာလည်း ချင်းအမျိုးသားတပ်မတော် – CNA နဲ့ CDF ဟွားငေါင်းတို့ ပူးပေါင်းပြီး အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ယခုလို ကချင်၊ ရှမ်း၊ ကရင်နီ၊ ရခိုင်၊ ချင်းပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဟာ အဓိကကျတဲ့ မြို့တွေ၊ ဗျူဟာကုန်းတွေ၊ စခန်းကုန်းတွေ မကျဖို့အတွက် လက်နက်ကြီးပစ်ကူအပြင် လေကြောင်းပစ်ကူတွေကိုပါ ဆက်တိုက် အသုံးပြုပြီး ခုခံတိုက်ခိုက်နေရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးမဟာမိတ် အဖွဲ့တွေဟာ စစ်ကေကာင်စီတပ်စခန်းတွေကို စစ်ရေးအရ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ စစ်ကူအင်အားပို့နိုင်တဲ့ မြေပြင်လမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် စစ်ကောင်စီဟာ လေတပ်ကိုအသုံးပြုပြီး ရှေ့တန်းစခန်းတွေကို စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ပေးနေရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီတပ်လက်အောက်မှာရှိတဲ့ နေပြည်တော်၊ တံတားဦး၊ မှော်ဘီ၊ တောင်ငူ၊ မကွေး၊ ပုသိမ် အစရှိတဲ့ လေတပ်စခန်းတွေက တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို အသုံးပြုပြီး စစ်ကောင်စီက နေရာအနှံ့အပြားမှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

“အခုက ပိုင်းလော့တွေက တနေကုန်၊ တညလုံး လုံး၀ကို မနားရဘူး။ စက်ပြင်တွေရော အတူတူပဲ။ လေယာဉ်ထားတဲ့ ဟန်ကာမှာ အိပ်ရတာတွေလည်း တော်တော်များနေပြီ။ အခုက ဘယ်အချိန် ဘယ်လေယာဉ် တက်မယ်၊ ဆင်းမယ်ဆိုတဲ့ အချိန်ဇယားကို မရှိတော့ဘူး။ အမိန့်ကျလာတာနဲ့ ချက်ခြင်းပြင်ဆင်ပြီး လေပေါ် ပျံတက် တိုက်ခိုက်နေရတာ။ ပိုင်းလော့တွေလည်း တော်တော်လေး စိတ်ပျက်နေကြတယ်”လို့ နေပြည်တော် လေတပ်နဲ့ နီးစပ်တဲ့ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေကို လေကြောင်းကနေ တိုက်ခိုက်ရာမှာ ယခင်က ရုရှားထုတ် Yak-130 (ဝိုင်အေကေ ၁၃၀) တိုက်လေယာဉ်တွေကို အဓိကအသုံးပြု တိုက်ခိုက်နေတာဖြစ်ပြီး နောက်ပိုင်းမှာ သက်တမ်း ကုန်ဆုံးနေတဲ့ A5 (အေဖိုက်) တိုက်လေယာဉ်တွေကိုပါ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။

ယခုအခါမှာတော့ ရုရှားနိုင်ငံကအနေ အသစ်ဝယ်ယူထားတဲ့ SU 30 (အက်စ်ယူ သာတီး) တိုက်လေယာဉ်တွေကိုပါ အသုံးပြု တိုက်ခိုက်နေသလို လေယာဉ်လုံလောက်မှုမရှိတာကြောင့် လေ့ကျင့်ရေးအတွက်အသုံးပြုတဲ့ K8W (ကေအိတ် ဒဗလျူ) လေယာဉ်တွေကိုပါ အသုံးပြုတိုက်ခိုက်နေရကြောင်း သိရပါတယ်။

စစ်ကောင်စီလေတပ်မှာ ရုရှားနိုင်ငံထုတ် Yak 130 အမျိုးအစား တိုက်လေယာဉ် ၁၈ စီးရှိပြီး နေပြည်တော်လေတပ်မှာ ၆ စီး၊ မန္တလေးတိုင်းရှိ တံတားဦးလေတပ်မှာ ၁၀ စီးနဲ့ ရန်ကုန်တိုင်းရှိ မှော်ဘီလေတပ်မှာ အရံအဖြစ် ၂ စီးထားရှိကြောင်း သိရပါတယ်။

ဓာတ်ပုံ – တပ်မတော် (လေ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *