ကောလင်းနဲ့ ခမ်းပတ်မြို့မှာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီလို့ NUG ဆို(ရုပ်သံ)

ကောလင်းနဲ့ ခမ်းပတ်မြို့မှာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီလို့ NUG ဆို

နိုဝင်ဘာ ၁၈

တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကောလင်းမြို့နဲ့ ခမ်းပတ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်နေပြီ ဖြစ်ပြီး စစ်အုပ်စုက ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖြတ်တောက်ထားလို့ စိန်ခေါ်မှုတချို့ ရှိပေမယ့် အုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်နေပြီ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MoD) ပြောရေးဆိုခွင့်ရှိသူက MFP ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းမြို့နဲ့ အိန္ဒိယ – မြန်မာ နယ်စပ်အနီး၊ တမူးဒေသ၊ ခမ်းပတ်မြို့တို့ကို ယခု နိုဝင်ဘာ(၆)ရက်နဲ့ (၇)ရက်မှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီမြို့တွေကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲချိန် စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ထွက်ပြေးခဲ့ရပေမယ့် လက်ရှိ ခမ်းပတ်မြို့မှာတော့ မြို့ခံပြည်သူတွေ ပြန်လည် နေထိုင်နေကြပြီ ဖြစ်တယ်လို့လည်း MoD ပြောရေးဆိုခွင့်ရှိသူ၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဆိုပါတယ်။

“ခမ်းပတ်မြို့မှာဆိုရင် ရပ်ကွက်ကြီး ငါးခု ရှိပါတယ်။ တိုက်ပွဲ ဖြစ်ပွားခဲ့တာက အမှတ်(၁)ရပ်ကွက် အစွန်လောက်မှာပဲ ဖြစ်ခဲ့တာ။ အဲဒီ အစွန်လောက်မှာပဲ ထိခိုက် ပျက်စီးပြီး ကျန်တဲ့ နေရာတွေကတော့ ကောင်းကောင်းမွန်မွန် ကျန်ရှိပါတယ်။ အခုအချိန်မှာ ခမ်းပတ်မြို့ကို ပြည်သူလူထုတွေ အားလုံးက ပြန်လည် ဝင်ရောက် နေထိုင်နေကြပြီ ဖြစ်တာကြောင့် စစ်ဘေးရှောင်တွေ မရှိတော့ပါဘူး။ ခမ်းပတ်မြို့ အုပ်ချုပ်ရေး ယန္တရားတွေကိုလည်း စနစ်တကျနဲ့ လည်ပတ်နေပါပြီ”လို့ ဦးမောင်မောင်ဆွေက MFP ကို ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ပြန်လည် တိုက်ခိုက်ဖို့ကြိုးစားနေတဲ့ ကောလင်းမြို့ကိုလည်း ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းတွေ စတင်စီမံ ဆောင်ရွက်နေပြီ ဖြစ်တာကြောင့် လုံခြုံရေး အခြေအနေအရ တိမ်းရှောင်နေကြရတဲ့ ပြည်သူတွေအနေနဲ့ မြို့ထဲမှာ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ပြီလို့ NUG ရဲ့ ကောလင်းခရိုင် အရေးပေါ် အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က နိုဝင်ဘာ(၁၄)ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

“ကောလင်းခရိုင်အတွက် အရေးပေါ် အုပ်ချုပ်ရေးဆိုင်ရာ အမိန့်ညွှန်ကြားချက် တစ်ရပ်ကို နိုဝင်ဘာ(၈)ရက်မှာ ကျွန်တော်တို့ ဝန်ကြီးချုပ်ကြီး ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။ အဲဒီလိုပဲ ဆက်စပ် ဝန်ကြီးဌာနတွေ ဖြစ်တဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနအနေနဲ့ သိမ်းပိုက် ရရှိထားတဲ့ မြို့တွေက စစ်ဘေးရှောင် ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုတွေကို အချိန်နဲ့ တပြေးညီ ကူညီဆောင်ရွက် ပေးနေပါတယ်။ ပြည်သူတွေ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်”လို့ MoD ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ စခန်းတွေကို စစ်အုပ်စုက ပြန်လည် လာရောက် တိုက်ခိုက်တာတွေ မလုပ်နိုင်အောင် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေ စီမံ ဆောင်ရွက်ထားသလို ပြည်သူတွေ ပြန်လည် ဝင်ရောက်နေထိုင်ချိန်မှာ အခက်အခဲ မရှိစေဖို့ NUG အစိုးရက ပြည်သူ့လုံခြုံရေး အဖွဲ့တွေ ဖွဲ့စည်းထားပြီး တိုက်ပွဲ မတိုင်မီနဲ့ တိုက်ပွဲပြီးကာလတွေမှာ ဒေသခံ သက်ဆိုင်ရာ နယ်မြေခံ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးထားတယ်လို့ ဦးမောင်မောင်ဆွေက ဆက်ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ခရိုင်အဆင့်ရှိ ကောလင်းမြို့ကို ဝန်းသိုမြို့ရှိ စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ(၁၂၀) နဲ့ ပျူစောထီးအဖွဲ့တွေ၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်ထဲက စစ်အုပ်စုနဲ့ ပျူတွေက မြို့ကို ပြန်လည်ရရှိဖို့ ကြိုးစား တိုက်ခိုက်နေပြီး နိုဝင်ဘာ (၁၀)ရက်က ကန့်ဘလူမြို့နယ်ဘက်ကနေ ကောလင်းဘက်ကို စစ်ကူလာဖို့ထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျူတွေ အင်အား (၂၀၀) ကျော်ကို အလယ်ခုံကျေးရွာအနီးမှာ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုနဲ့ ပျူ (၈၀)ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေ အမြောက်အများ ရရှိခဲ့ပါတယ်။

ကောလင်းမြို့ကို နိုဝင်ဘာ(၆)ရက်မှာ MoDရဲ့ အမှတ်(၁) စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ – မြန်မာ နယ်စပ်က တမူးခရိုင်၊ ခမ်းပတ်မြို့ကိုလည်း နိုဝင်ဘာ(၇) ရက်မှာ အမှတ် (၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှု အစီအစဉ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *