လွိုင်ကော်ထောင်ထဲ ချပေးတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းအချို့ တော်လှန်ရေးအဖွဲ့တွေ သိမ်းမိ
နိုဝင်ဘာလ ၁၉ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မှာ စစ်ကောင်စီတပ်က ဒီနေ့ (နိုဝင်ဘာ ၁၉) မှာ လေထီးနဲ့ချပေးတဲ့ စစ်ကူလက်နက်တွေထဲက သေတ္တာ ၃ လုံးကို တော်လှန်ရေးအဖွဲ့တွေက သိမ်းမိတယ်လို့ DMO Local PDF ပြန်ကြားရေးတာဝန်ခံ ကိုခွန်းဖရန့်စစ်က ပြောပါတယ်။
“သူတို့က နေ့ကော ညကော ဆက်တိုက်ပစ်နေတော့ ခဲယမ်းလျော့နေတယ်ထင်တယ်။ လေထီးနဲ့ချတော့ ကျွန်တော်တို့ ခဲယမ်းတချို့ရခဲ့တယ်။ ရခဲ့တာက စုဗုံးပေါ့နော်။ သူတို့သေနတ်ပြောင်း ထိပ်ဝမှာထည့်ပြီး ပစ်ရတဲ့ဟာမျိုးပေါ့နော့” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က ဝေဟင်ကနေ လက်နက်ခဲယမ်း သေတ္တာ ၁၅ လုံးထပ်မနည်းကို လွိုင်ကော်အကျဉ်းထောင်ထဲ ချပေးတဲ့အချိန် ထောင်ထဲမရောက်ဘဲ ထောင်အပြင်မှာရှိနေတဲ့ သေတ္တာ ၃ လုံးကို ရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာလည်း လွိုင်ကော် ခမရ ၅၄ တပ်ထဲကို လေကြောင်းကနေ စစ်ကောင်စီက လက်နက်ခဲယမ်းသေတ္တာတွေကို ပို့ချပေးခဲ့ပါသေးတယ်။
လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိတဲ့အပြင် သေဆုံးသူ အယောက် ၁၀၀ ကျော်ရှိနေပြီး စစ်သုံးပန်းတွေလည်း ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။