ဒါမှနုကြည် သွေးကြေးမှာ ဆွေးနွေးစရာမရှိဘူး

အင်ဒိုနီးရှားတွင် NUG အနေဖြင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်နှင့် တွေ့ဆုံညှိနှိုင်းခဲ့ခြင်း မရှိဘဲ အာဆီယံအထူးသံတမန်ရုံးသို့ မဟာမိတ်များနှင့်အတူ သဘောထား ရပ်တည်ချက်ကို ရှင်းလင်းဆွေးနွေးမှုသာရှိ

နိုဝင်ဘာ ၂၅

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေ ဖြင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်နှင့် တွေ့ဆုံညှိနှိုင်းခဲ့ခြင်း မရှိဘဲ အာဆီယံအထူးသံတမန်ရုံးသို့ NUG နှင့်အတူ မဟာမိတ်များ၏ ရပ်တည်ချက်ကိုသာ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း NUG ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် အင်ဒိုနီးရှား အစိုးရက ကမကထ လုပ်၍ စစ်ကောင်စီ၏ ကြားခံ ကိုယ်စားလှယ်များနှင့် NUG ၊ တိုင်းရင်းသားအင်အားစုများ အပါအဝင် တော်လှန်ရေးအင်အားစုတချို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရာ အပြုသဘောတိုးတက်မှုရှိကြောင်း ၊ နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် အင်ဒိုနီးရှားအစိုးရက ဦးစီး၍ ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ဒီမိုကရေစီ လိုလားသည့် အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) တို့ ပါဝင်တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်ကမူ ကြားခံ ကိုယ်စားလှယ် တက်ရောက်ခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

NUG ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်ကမူ NUG အနေဖြင့် အာဆီယံအထူးသံတမန်ရုံးသို့ သဘောထားအမြင် ဆွေးနွေးဖလှယ်မှုရှိပြီး မဟာမိတ်များနှင့်ညှိနှိုင်းသဘောတူထားသည့် ရပ်တည်ချက်ကိုသာ ဆွေးနွေးခဲ့ကြောင်း၊ မည်သည့် စစ်ကောင်စီကိုယ်စားလှယ်နှင့်မှ မတွေ့ဆုံကြောင်း ရှင်းလင်း ပြောဆိုသည်။

“NUG အနေနဲ့ ဘယ် စကစ ရဲ့ ကိုယ်စားလှယ်နဲ့ မှ တွေ့ဆုံခဲ့တာ မရှိပါဘူး။ တွေ့ဆုံဆွေးနွေးမှုအတွက် ညှိနှိုင်းခဲ့တာလည်း မရှိပါဘူး။ အခုအချိန်ဟာ တွေ့ဆုံဆွေးနွေးရမယ့် အချိန်မဟုတ်ပါဘူး။ ဒီ ဂျာကာတာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကလည်း ပုံမှန် အင်ဒိုနီးရှား special envoy ရုံးနဲ့ တွေ့ဆုံပြီးသဘောထားအမြင်တွေ ဖလှယ်ကြတဲ့ ဆွေးနွေးပွဲ ပဲ ဖြစ်ပါတယ်။ NUG နိုင်ငံခြားရေးရဲ့ အာဆီယံ ကိုယ်စားလှယ်တဦး တက်ရောက်ခဲ့ပါတယ်။ မဟာမိတ်များနဲ့ ညှိနှိုင်းသဘောတူထားတဲ့ ရပ်တည်ချက်တွေကိုပဲ ဆွေးနွေးခဲ့တာ ရှိပါတယ်။ MOFA နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စာထုတ်ဖို့ ပြင်ဆင်နေပါတယ်” ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *