မြောက်ပိုင်းမဟာမိတ်တပ်က တပ်စခန်း စုစုပေါင်း (၁၇၆) ခု သိမ်းပိုက်ရရှိခဲ့ပြီ

သီပေါနဲ့ ကျောက်မဲကြားက ကျေးသီးတံတား၊လုံခမ်းတပ်စခန်း၊ သိန္ဒီခရိုင် နန့်စလပ်တပ်စခန်းတို့ကို သိမ်းပိုက်ခဲ့ပြီးနောက် မြောက်ပိုင်းမဟာမိတ်တပ်က တပ်စခန်း စုစုပေါင်း (၁၇၆) ခု သိမ်းပိုက်ရရှိခဲ့

++++++++++++++

နိုဝင်ဘာ ၂၇

သီပေါနဲ့ ကျောက်မဲကြားက ကျေးသီးတံတား၊ စစ်ကောင်စီ တပ်ရင်း (၅၆၇ ၊ ၅၆၈)စခန်းနဲ့ သိန္ဒီခရိုင် နန့်စလပ်တပ်စခန်းတို့ကို သိမ်းပိုက်ခဲ့ပြီးနောက် မြောက်ပိုင်းမဟာမိတ်တပ်က တပ်စခန်း စုစုပေါင်း (၁၇၆) ခု သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

MNDAA နဲ့ TNLA ပူးပေါင်းတပ်က နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၂၇ မိနစ်ခန့်မှာ ရှမ်းပြည်သီပေါနဲ့ ကျောက်မဲကြားရှိ ကျေးသီးတံတားရှေ့မှာ အခြေချတဲ့ စစ်ကောင်စီတပ်စခန်း(၂)ခုကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီး ကျေးသီးတံတားအထိဆက်လက်ဆင်နွှဲ လာရာ မနေ့က မနက် ၈ နာရီ ၈ မိနစ်ခန့်အချိန်မှာ တံတားကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် MNDAA နဲ့ ဒေသလုံခြုံရေးတပ်ဖွဲ့တွေဟာ မနေ့က နေ့လည် ၂ နာရီ ၁၈ မိနစ်ခန့်က ကျင်စန်းကျော်နယ်စပ်ဂိတ်ပေါက်ရဲ့ တောင်ဘက်ခြမ်းက လုံခမ်းမှာ အခြေချနေထိုင်တဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

MNDAA နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ဟာ ၆ ရက်တိုင်တိုင် အဆက်မပြက်စစ်ဆင်တိုက်ခိုက်ရာ နိုဝင်ဘာ ၂၄ ရက်‌နေ့ ညနေ ၅ နာရီခွဲခန့် စစ်ကောင်စီ တပ်ရင်း(၅၆၇ ၊ ၅၆၈)စခန်းကို ချေမှုန်းခဲ့ပြီး မူပန် (သိန္နီ)ခရိုင် နန့်စလပ်အုပ်စုကို သိမ်းယူနိုင်ခဲ့သလို မနေ့က နန့်စလပ်တပ်စခန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီမိသားစုဝင်များရဲ့ ပြောပြချက်အရ အထူးဒေသ(၁) မူပန်(သိန္နီ)ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဖုံးဝှက်ခဲ့တဲ့ လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိခဲ့ပြီး ရိုင်ဖယ် (၁၃) လက် ၊ စက်သေနတ် (၁) လက် ၊ကျည်ဘောက် (၃၁) ခု ၊ ကျည်ကာဦးထုပ် (၃) ခု ၊ သေနတ်ပစ်ဗုံးသီး(၃)လုံးနဲ့ ကျည်ဆံ (၂၀၀၀) တောင့်စသဖြင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မူပန်(သိန္နီ)ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ကျန်းမားရေးအဖွဲ့စေလွှတ်ပြီး စစ်ကောင်စီတပ်ရင်း (၅၆၇ ၊၅၆၈)က ဒဏ်ရာရရှိတဲ့ မိသားစုဝင်များကို ကုသပေးခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း MNDAA က မူပန်(သိန္နီ)ခရိုင် နန်ဖုန်းအုပ်စုမှာ အခြေချနေထိုင်တဲ့ စစ်ကောင်စီ တပ်ရင်း(၂၉၁)ကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ကျေးသီးတံတား သိမ်းပိုက်ခဲ့ပုံ၊ နန့်စလပ်က သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်များနဲ့ စစ်ကောင်စီတပ်ရင်း (၅၆၇ ၊၅၆၈)က ဒဏ်ရာရရှိတဲ့ မိသားစုဝင်များကို ဆေးကုသပေးနေပုံ…

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *