သူတို့သက်သက်ဆို နတ်နတ်သီးစာမိမှာစိုးလို့ ပြည်သူတွေကိုအကျပ်ကိုင်

သူတို့သက်သက်ဆို နတ်နတ်သီးစာမိမှာစိုးလို့ ပြည်သူတွေကိုအကျပ်ကိုင်

တောင်ကြီး တန်ဆောင်တိုင်ပွဲ မသွားပါက တစ်အိမ် ကျပ်တစ်သောင်း ဒဏ်ငွေဆောင်ရမယ်လို့ ပအို၀်းပြည်သူ့စစ် ခြိမ်းခြောက်

မဲခေါင်၊ နို၀င်ဘာ ၂၇

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အဝေရာ မီးပုံးပျံကွင်းမှာ ကျင်းပနေတဲ့ တန်ဆောင်တိုင် ပွဲတော်ကို မသွားပါက တစ်အိမ် ကျပ်တစ်သောင်း ဒဏ်ငွေဆောင်ရမယ်လို့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်-PNA က ကျေးရွာတွေမှာ လှည့်လည် ကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့က စတင်ကျင်းပတဲ့ တန်ဆောင်တိုင် ဖွင့်ပွဲရက် လာရောက်သူ နည်းပါးတာကြောင့် နို၀င်ဘာ ၂၂ ရက်နေ့ကစပြီး တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံး ကျေးရွာအုပ်စုထဲက ကျေးရွာပေါင်း ၂၀ ကျော်၊ အေးသာယာမြို့အနီးက ကျေးရွာ တစ်ချို့နဲ့ ညောင်ရွှေမြို့နယ်ထဲက ကျေးရွာ ၅ ရွာမှာ စစ်ကောင်စီနဲ့ PNA ပူးပေါင်းပြီး လှည့်လည် ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။

“တစ်အိမ် တစ်သောင်း ဒဏ်ငွေ ဆိုတော့ သွားရတာပေါ့။ လက်လုပ်လက်စားတွေ ဆိုတော့ တစ်သောင်း ဆိုတာလည်း မနည်းဘူးလေ။ ယောက်ျားလေး များတဲ့အိမ်ဆို ၂ ယောက် လိုက်ရတယ်” လို့ ကျေးရွာ အမည် မဖော်ပြလိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပွဲသွားဖို့ အတွက် တောင်ကြီးမြို့နယ် အတွင်းက ကျေးရွာတွေမှာ ညစဉ် စစ်ကောင်စီက ၁၂ ဘီးကားနဲ့ အကြိုအပို့ လုပ်ပေးနေပြီး အသွားအပြန် စရိတ်ငြိမ်း ဝန်ဆောင်မှု ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် တခြား ပြည်နယ်နဲ့ တိုင်းတွေက ဌာနဆိုင်ရာ ၀န်ထမ်းတွေ တန်ဆောင်တိုင်ပွဲ မဖြစ်မနေ လာရောက်ဖို့ အမိန့်ထုတ်ထားပြီး တောင်ကြီးမြို့က ဌာနဆိုင်ရာ ရုံးတွေမှာ နေထိုင်၊ စားသောက်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့ခံ တစ်ဦးက “ညနေ ၆ နာရီလောက်ဆို မြင်းရုပ်နားမှာ အေးသာယာက သူတို့ ခေါ်တက်လာတဲ့ သူတွေ ကားအပြည့်နဲ့။ တောင်ကြီးသား အများစုက မပါဝင်ကြပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ ဦးဆောင် ကျင်းပနေတဲ့ တန်ဆောင်တိုင်ပွဲမှာ တောင်ကြီးမြို့ခံ အများစု မပါဝင်သလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပါဝင်ဆင်နွှဲကြတဲ့ လူဦးရေရဲ့ ၁၀ ပုံတစ်ပုံပင် မရှိဘူးလို့ မီးဆရာ တချို့က သုံးသပ် ပြောဆိုထားပါတယ်။

ဓာတ်ပုံ-တောင်ကြီး နွေဦး ချန်နယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *