ပြောတော့သာသနာပြုမင်း လုပ်ရပ်တွေကတော့ကြားမကောင်းအောင်ပဲ

လှိုင်သာယာတွင် ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်မည့် စက်ရုံအလုပ်သမားများ၏ ကျပ်ငွေ သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ကထိန်ပဒေသာပင်များကို စစ်ကောင်စီတပ်လုယူ

နွေဦးမောင် /ဧရာဝတီတိုင်းမ်

နိုဝင်ဘာ ၂၇ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာ မြို့နယ်၊ အမှတ် (၁၁)ရပ်ကွက်ရှိ ဇာထိုးပန်းထိုးစက်ရုံက ကထိန်ပဒေသာပင်များကို စစ်ကောင်စီတပ်မှ ဝင်ရောက်သိမ်းဆည်းသွားကြောင်း ဒေသခံများထံက သိရသည်။

ကထိန် ပဒေသာပင် လှည့်လည်ရန်အတွက် စက်ရုံ အလုပ်သမားများ၏ ငွေများစုကာ နိုဝင်ဘာ ၂၅ရက် နေ့က ရပ်ကွက်အတွင်း လှည့်လည်နေချိန်တွင် စစ်ကောင်စီ တပ်သားများနှင့် ရဲများ ရောက်ရှိလာ၍ သိမ်းယူသွားခြင်းဖြစ်သည်ဟု စက်ရုံနှင့် နီးစပ်သူများထံက သိရသည်။

“တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ ပဒေသာပင်တွေ သီးနေကြတာလေ။ နှစ်စဥ် တန်ဆောင်မုန်းလပြည့်ရောက်တိုင်း မြန်မာအလုပ်သမားတွေက အနီးအနားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ သကင်္န်းကပ်နေကြ။ ပဒေသာပင်တွေလုပ်ပြီး လှူဒါန်း မှုတွေ ပြုလုပ်နေကြပါ။ ဒီနှစ်မှာတော့ စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး လုယူသွားတာ” ဟု စက်ရုံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်က လုယူသွားသည့် ပဒေသာပင်များ၏ တန်ဖိုးမှာ ကျပ်ငွေ သိန်း ၁၀၀ ကျော်တန်ဖိုးရှိပြီး ငွေသားအများစုဖြင့် ပြုလုပ်ထားသည့် ပဒေသာပင် ငါးခုကို ယူဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။

“ ၁၁ ရပ်ကွက်မှာရှိတဲ့ တောင်တွင်းကြီး နယ်မြေရဲစခန်းကိုယူဆောင်သွားတာ။ စစ်ယူနီ ဖောင်းဝတ် စစ်သား ၂၀ လောက်က သေနတ်တွေနဲ့ချိန်ပြီး သိမ်းသွားတာ” ဟု စက်ရုံ နှင့်နီးစပ်သူများဆိုသည်။

အဆိုပါ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းသိမ်းယူသွားသည် ပဒေသာပင်များသည် တရုတ်နိုင်ငံသားပိုင်ဆိုင်သည့် ဇာထိုးပန်းထိုးစက်ရုံမှ အလုပ်သမား၏ ပဒေသာပင်များဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်း ပဒေသာ ပင်လှည့်လည်ပွဲနှင့် လှူဒါန်းပွဲကို အဆိုပါစက်ရုံမှ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဒေသခံများထံက သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *