တစ်လှိုင်းပြီးတစ်လှိုင်းလာမည်ဆိုတဲ့အတိုင်းပဲနော်(ရုပ်သံ)

ပေါက်တောမြို့တွင် ယနေ့ ဆက်လက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် ပေါက်တောမြို့ ထပ်မံ မီးများလောင်နေ

ရန်ကုန်| နိုဝင်ဘာ ၂၉

ရခိုင်ပြည် ပေါက်တောမြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ စစ်ကောင်စီမှ အင်အား ၁၈၀ ခန့် ဖြည့်တင်းခဲ့ပြီး ၂၁ ရက်နေ့ ရက္ခိုင့်တပ်တော် AA မှ ယနေ့အချိန်အထိ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ အင်အား ၇၀ ခန့်သာ ကျန်ရှိတော့ကာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ခေတ္တလက်လွှတ်ခဲ့ရသည့် ပေါက်တောမြို့ကို AA က ၂၁ ရက်နေ့က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ၉ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၇၀ ခန့်သာ ကျန်ရှိတော့ကြောင်း ရက္ခိုင့်တပ်တော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့မှာပင် ပေါက်တောမြို့ လောကထိပ်ပန်ဘုရားရင်ပြင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို AA က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AA ထုတ်ပြန်သည့် ဗီဒီယိုဖိုင်အရ သိရသည်။

ပေါက်တောဒေသခံ သတင်းရင်းမြစ်တစ်ဦးက “ပေါက်တောကို စစ်ကောင်စီက ရွှေပြည်တန်နဲ့ နေဗီက အင်အားဖြည့်ခဲ့တာ ၁၈၀ လောက်ရှိတယ်။ ရဲတွေလည်း ပါတာပေါ့လေ။ အဲဒီထဲက ဒီနေ့အထိဆိုရင် AA က သုတ်သင်ခဲ့တာ ၁၀၀ လောက်ရှိနေပြီ။ ကျန်မယ်ဆိုရင် ၇၀ လောက်ပဲ ရှိအုံးမယ်။ AA ရဲ့ ထိုးစစ်ကို အဓိက နေဗီ၊ လေယာဉ်နဲ့ စစ်တွေက ပစ်ကူပေးနေတာပဲရှိပါတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် အဆိုပါ တပ်အင်အားကို ပေါက်တောမြို့၏ လောကထိပ်ပန်ဘုရား၊ မြို့မရဲစခန်း၊ ဌာနဆိုင်ရာ အဆောက်အဦအချို့နှင့် အချက်အခြာကျသည့် လမ်းဆုံးလမ်းခွများတွင် နေရာယူထားကြခြင်းဖြစ်သည်ဟု သိရသည်။

လောကထိပ်ပန်ဘုရားရင်ပြင်မှ တပ်အင်အားအချို့ကို AA မှ ရှင်းလင်းခဲ့ပြီး အများစုက မြို့မရဲစခန်းတွင် အထိုင်ချထားကြောင်း နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက သို့ ပြောသည်။

“လောကထိပ်ပန်မှာက မရှိတော့ဘူးလို့ ပြောလို့ရတယ်။ အဓိက ရဲစခန်းနဲ့ ဌာနဆိုင်ရာ အဆောက်အဦအချို့မှာ နေရာယူထားကြတယ်။ ပြီးတော့ လူနေအိမ်တွေမှာလည်း နေရာယူထားကြတယ်။ စနိုက်ပါသမားတွေလည်း ရှိတယ်လို့ သိရတယ်။ စစ်ကောင်စီ စနိုက်ပါသမားကြောင့် AA ဘက်က တစ်ယောက် ခြေသလုံးမှာ ကျည် ထိသွားတာရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေက ရွှေပြည်တန်အမြန်ရေယာဉ် နှစ်စီးနှင့် နေဗီ (စစ်ရေယာဉ်) တို့က စစ်သား ၁၀၀ ကျော်နှင့် ရဲအယောင်ဆောင် စစ်သား ၆၀ ကျော်ကို ဖြည့်တင်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *