ဓာတ်ဆီစျေး တစ်လီတာ ငွေကျပ် ၃၄၀ ကျော်ခုန်တက်

စက်သုံးဆီတင်သွင်းရန် လိုအပ်သည့် အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်စျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် စစ်ကောင်စီက ရောင်းမပေးတော့သဖြင့် ဓာတ်ဆီစျေး တစ်လီတာ ငွေကျပ် ၃၄၀ ကျော်ခုန်တက်

■ 92 ဓာတ်ဆီ တစ်လီတာ ၂၅၁၀ ကျပ်နှင့် 95 ဓာတ်ဆီ တစ်လီတာ ၂၆၄၀ ကျပ်စျေး ပေါက်

ရန်ကုန်၊ ဒီဇင်ဘာ ၁

အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီတင်သွင်းရန် လိုအပ်သည့် အမေရိကန်ဒေါ်လာကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် စစ်ကောင်စီက ရောင်းမပေးတော့သဖြင့် ဓာတ်ဆီစျေး တစ်လီတာ ၃၄၀ ကျော်တစ်ရက်တည်း ခုန်တက်သွားကြောင်း စက်သုံးဆီ တင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် 92 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၂၅၁၀ ကျပ်ရှိပြီး ယမန်နေ့စျေးမှာ 92 တစ်လီတာ ၂၁၇၀ ကျပ်ဖြစ်သဖြင့် 92 တစ်လီတာလျှင် ငွေကျပ် ၃၄၀ ကျပ် မြင့်တက်သွားကြောင်း၊ အလားတူ ဒီဇင်ဘာလ ၁ ရက်နေ့တွင် 95 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၂၆၄၀ ကျပ် ရှိရာ ယမန်နေ့ 95 တစ်လီတာ ၂၃၀၀ ကျပ်သာရှိခဲ့သဖြင့် 95 တစ်လီတာလျှင် ငွေကျပ် ၃၄၀ ကျပ်မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ စျေးတက်သွားခြင်းမှာ စစ်ကောင်စီက ဗဟိုသတ်မှတ်စျေး အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် စက်သုံးဆီ တင်သွင်းနေသူများကို ရောင်းချပေးနေမှု ရပ်တန့်လိုက်ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

“၂၀၂၂ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဓာတ်ဆီ 92 နဲ့ 95 တင်သွင်းဖို့အတွက် တင်သွင်းမယ့် စက်သုံးဆီ စုစုပေါင်း ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်စျေး ၂၁၀၀ ကျပ်နဲ့ ရောင်းပေးတယ်။ ၆၀ ရာခိုင်နှုန်းကို ပြင်ပပေါက်စျေးနဲ့တွက်တယ်။ အဲဒါကို စွမ်းအင်ဝန်ကြီးဌာနက စျေးနှုန်းသတ်မှတ်ပေးတာပေါ့။ အခုက စစ်ကောင်စီက မူလ ရောင်းပေးနေတဲ့ ဗဟိုဘဏ် သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ နဲ့ စက်သုံးဆီတင်သွင်းမယ့် ပမာဏာရဲ့ ၄၀ ရာခိုင်နှုန်း ကို ရောင်းမပေးတော့ဘူး။ အဲဒီတော့ ကုန်သည်တွေက ပြင်ပပေါက်စျေးနှုန်းနဲ့ ၁၀၀ ရာခိုင်နှုန်း ဝယ်သွင်းရတဲ့သဘောဖြစ်တယ်။ အဲဒါကြောင့် သတ်မှတ်စျေးနှုန်းမှာလည်း စျေးတွေ တက်သွားတာ။ ဒီဇယ်စျေးတွေကတော့လောလောဆယ်အထိ ဆီတန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်း ကို တစ်ဒေါ်လာ ၂၁၀၀ နှုန်းနဲ့တွက်ချက်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပပေါက်စျေးနဲ့ တွက်ချက်ပေးနေတုန်းမို့ စျေးက အရမ်းမကွာသေးဘူး” ဟု စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စျေးနှုန်းများ မြင့်တက်သွားပြီးနောက် ဓာတ်ဆီ ထုတ်ရ အလွန်ခက်ခဲနေကြောင်း၊ ဓာတ်ဆီများကို ပွိုင့်တကာ ပတ်ထုတ်ခိုင်းနေသဖြင့် ဆီဆိုင်များ အခက်တွေ့နေကြောင်း သိရှိရသည်။

“ဆီတွေကို ပွိုင့်တကာ ပတ်ထုတ်ခိုင်းတယ်် ဈေးတက်ပြီး ထုတ်ရမလွယ်ဘူး။ ခွဲတမ်းက ၁ရက်စာပဲ ချပေးတယ်။ နေ့တိုင်း” ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၁၄ ရက်နေ့ ရန်ကုန်ရှိ စက်သုံးဆီ အရောင်းဆိုင်မြင်ကွင်း။

Be the first to comment

Leave a Reply

Your email address will not be published.


*