အားကျမခံ AA ကလည်း တစ်ခုပြီးတစ်ခု အကုန်သိမ်းနေပြီ

ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့ဟု စစ်ကောင်စီက စတင်သုံးနှုန်း၊ မြောက်ဦးမှ စစ်ကောင်စီပိုင် ဌာန မော်တော်ယာဉ် ၉ စီးကို AA က သိမ်းယူ

ဒီဇင်ဘာ ၄

ရက္ခိုင့်အမျိုုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့ဟု နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုကို ကျူးလွန်နေသော အာဏာသိမ်းစစ်ကောင်စီက သုံးနှုန်းပြောဆိုလာသည်။

နိုင်ငံအတွင်း တိုက်ပွဲအခြေအနေများကို စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလက စ၍ AA ကို အကြမ်းဖက်အဖွဲ့ဟု သုံးနှုန်းလာခြင်းဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့က မြောက်ဦးမှ စစ်ကောင်စီဌာနပိုင် မော်တော်ယာဉ်များအား AA က သိမ်းယူသွားခြင်းကို သတင်းထုတ်ပြန်ရာတွင် AA ကို အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့် ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက သုံးနှုန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖွဲ့ဟု ကြေညာခဲ့သည်။

မြန်မာစစ်တပ်က စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း၊ AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းခဲ့သည့်ကာလ ၂ နှစ်ကျော်ရှိလာသည့်အချိန် ယခုပြန်လည် စစ်ကောင်စီက သုံးနှုန်းလာခြင်းဖြစ်သည်။

ထို့ပြင် စစ်ကောင်စီက ရခိုင်ပြည် မြောက်ဦးမြို့တွင် ဌာနဆိုင်ရာပိုင် မော်တော်ယာဉ် ၉ စီးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ယူဆောင်သွားကြောင်း အကြမ်းဖက်‌ဇော်မင်းထွန်းက ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက် ညနေက ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဌာနပိုင် မော်တော်ယာဉ် နှစ်စီးနှင့် ၂၈ ရက်နေ့ နေ့လယ် ၁ နာရီကျော်က အလယ်ဈေးရပ်ကွက်ရှိ ရှေးဟောင်းသုတေသနဦးစီးဌာနပိုင် မော်တော်ယာဉ် သုံးစီးတို့ကို AA က သိမ်းပိုက်ခဲ့သည်ဟု စစ်ကောင်စီက ပြောသည်။

နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီခန့်တွင်လည်း မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် မော်တော်ယာဉ် နှစ်စီးနှင့် နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီခန့်တွင် ခရိုင်သာသနာရေးဝန်ကြီးဌာနပိုင် မော်တော်ယာဉ် တစ်စီးတို့ကို AA က သိမ်းပိုက်သွားခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီခွဲခန့်တွင် ခရိုင်ရွေးကောက်ပွဲရုံး ဌာနပိုင်မော်တော်ယာဉ် တစ်စီး စုစုပေါင်း မော်တော်ယာဉ် ၉ စီးကို AA မှ လက်နက်များကိုင်ဆောင်ကာ ယူဆောင်သွားသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးသီတင်းပတ်ကလည်း ရက္ခိုင့်တပ်တော် AA သည် ကျောက်တော်-ပလက်ဝမြို့သို့ ပြေးဆွဲနေသည့် စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ဆက်သွယ်ရေးဌာနပိုင် ရေယာဉ် (ဇက်) နှစ်စီးကို သိမ်းယူခဲ့သည်။

အဆိုပါ ကုန်စည်နှင့်ခရီးသည်ပို့ဆောင်ရေး ရေယာဉ် (ဇက်) နှစ်စီးမှာ စစ်ကောင်စီက အရပ်သုံးကနေ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုလာသည့်အတွက် AA က သိမ်းယူသွားခြင်းဖြစ်သည်ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

” ဒီရေယာဉ်တွေက ပြည်သူတွေ ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုတာ မှန်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက စစ်ရေးအခြေအနေမှာလည်း အသုံးပြုတာရှိပါတယ်။ သူတို့ရဲ့ စားနပ်ရိက္ခာပို့တာ၊ လက်နက်၊ လူအင်အားတွေပို့တာတွေအတွက် အသုံးပြုတာတွေ ရှိပါတယ်။ ဒါကြောင့်လည်း AA က ယူသွားတာထင်ပါတယ်။ ” ဟု ပြောသည်။

ဌာနပိုင်မော်တော်ယာဉ်များကို သိမ်းယူသွားခြင်းသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံတော်ပိုင် ပစ္စည်းများအား ယူဆောင်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲပြောဆိုသည်။

AA မှ ရခိုင်ပြည်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းနှင့် ဌာနပိုင်ပစ္စည်းများအား သိမ်းယူနေခြင်းသည် ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများစွာ ထိခိုက်နစ်နာမှုများကို ဖြစ်ပေါ်စေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

သို့သော်လည်း စစ်ကောင်စီ၏ ပြောဆိုချက်ကို ဒေသခံရခိုင်ပြည်သူများက လက်မခံကြဘဲ အာဏာသိမ်းစစ်ကောင်စီသည်သာ ပြည်သူလူထုအား ရက်စက်ကြမ်းကြုတ်နေခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

မြောက်ဦးဒေသခံတစ်ဦးက “AA က ရခိုင်လူမျိုးတွေ လွတ်မြောက်ရေးကို တိုက်ခိုက် ရယူနေတာဖြစ်တယ်။ စစ်ကောင်စီကသာ ပြည်သူတွေကို မတရားနှိပ်စက် အုပ်ချုပ်နေတာ။ လက်နက်အားကိုးနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာ။ မနေ့ကဆိုရင် ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာနှစ်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာထဲကိုဝင်ပြီး နေအိမ်တွေကို မီးရှို့တယ်။

ရွာသားတွေကို ဖမ်းဆီးတယ်။ ဒါက စစ်ကောင်စီဟာ ပြည်သူတွေအပေါ်မှာ အကြမ်းဖက်နေတာဖြစ်တယ်။ AA က ဒါကို လက်မခံလို့ ရခိုင်ပြည်သူတွေကိုယ်စား လက်တုန့်ပြန် တိုက်ခိုက်နေတာဖြစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီကသာ ပြည်သူလူထုများအား လက်နက်အားကိုးဖြင့် မတရားအနိုင်ကျင့်ကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပျက်ပြားစေရန် ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ပေါက်တောမြို့တွင် မြန်မာစစ်တပ်မှ လူသားဒိုင်းကာနှင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသော အရပ်သားပြည်သူများကို စစ်ကောင်စီက ယနေ့အချိန်အထိ ပြန်မလွှတ်သေးသည့်အပြင် ပေါက်တောမြို့ကို စစ်တွေနှင့် နေဗီများ၊ လေကြောင်းတို့ဖြင့် နေ့စဉ်နှင့်အမျှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဗုံးများကြဲခြင်းတို့ကို စစ်ကောင်စီက ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ မီးလောင်ဗုံးများနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပေါက်တောတွင် မြို့မဈေးအပါအဝင် လူနေအိမ်အများအပြား မီးလောင်ဆုံးရှုံးသွားပြီဟု သိရပြီး ရက္ခိုင့်တပ်တော် AA က ပေါက်တောတွင် စစ်ကောင်စီက ဖမ်းဆီးထားသော အရပ်သားများကို ကယ်ထုတ်နေကာ နိုဝင်ဘာကုန်အထိ အရပ်သား ၃၀၀ ကျော်ကို ကယ်ထုတ်ထားပြီလည်း ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *