မုန်းမြို့တိုက်ပွဲ Federal Wings ပါ ပူးပေါင်းတိုက်ခိုက်
မဲခေါင်၊ ဒီဇင်ဘာ ၇
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ Federal Wings ဒရုန်းတပ်ဖွဲ့လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။
မုန်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ် ခမရ-(၅၉၉) နဲ့ ၅၉၀ တို့အပါအဝင် မုန်းမြို့ရဲ့စခန်း၊ တံတားထိပ် ဂိတ်စခန်းတွေကို ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မုန်းမြို့တိုက်ပွဲမှာ KNLA တပ်မဟာ (၃) မှတပ်ရင်းများ၊ တပ်မဟာ (၁) နဲ့ (၅) မှ KNLA တပ်ဖွဲ့များ၊ ရိုးမစစ်ကြောင်း (၂)/(၄)/(၅)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များနှင့် KNLA တပ်မဟာ (၃) လက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ဒု-တပ်ရင်းမှူး ဗိုလ်မှူးတစ်ယောက်အပါ စစ်ကောင်စီတပ်သား ၁၉ ယောက် လက်နက်ချအညံ့ခံခဲ့ပါတယ်။ တပ်အတွင်းရှိ တပ်မိသားစုဝင် ၄၂ ယောက်ကိုလည်း စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့ပြီး ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေထံ လက်နက်ချအညံ့ခံခဲ့တဲ့ တပ်ဟာ ခမရ-၅၉၀ အတွင်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ ခလရ-၈၄ တပ်ရင်းဖြစ်တယ်လို့ KNU က မနေ့ ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မုန်းမြို့အတွင်းက စစ်ကောင်စီစခန်းတွေ ဆုတ်ခွာပေးလိုက်ရတာ ဗျူဟာအရသာဖြစ်ပြီး စခန်းတွေမှာ တပ်ပြန်စွဲနိုင်ပြီဆိုတဲ့ ဓာတ်ပုံတွေကို မနေ့ ဒီဇင်ဘာ ၆ ရက်မှာ စစ်ကောင်စီထိန်းချုပ် မီဒီယာတွေကနေ ဖော်ပြပါတယ်။
အဲ့ဒီဖော်ပြချက်ဟာ ဝါဒဖြန့်ဖို့အတွက်သာဖြစ်ပြီး ဘာအဓိပ္ပါယ်မှမရှိဘူးလို့ မုန်းမြို့တိုက်ပွဲအတွင်း ဝင်ရောက်တိုက်ခိုက်နေသူ PDF တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ အသက်ကိုငဲ့ညှာဖို့နဲ့ ပြည်သူကိုပြန်ကြည့်ဖို့ အလင်းဝင်ကြဖို့လည်း တော်ဝင်ဒေါင်းစစ်ကြောင်းက တိုက်တွန်းထုတ်ပြန်ထားပါတယ်။