မက်လုံးတွေပေးပြီး ပြန်ထိုးကျွေးနေပြီ

ကလေးအကျဉ်းထောင်ကပြန် လွတ်လာတဲ့စစ်သား (၁၆)ဦး ထောင်ဗူး၀မှာ ပြန်ဖမ်းခံရ

စစ်တိုက်ခိုင်းဖို့အတွက် ပြန်ဖမ်းသွားတာ ဖြစ်မယ်လို့ ခန့်မှန်း

ဒီဇင်ဘာ ၇ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ စစ်သား(၁၆)ဦး ဒီဇင်ဘာ (၇)ရက် ဒီနေ့မှာ ပြန်‌လွတ်လာပြီး ထောင်ဗူး၀မှာ စစ်အုပ်စုက ပြန်လည်ဖမ်းဆီးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကလေးထောင်ကနေ ပြန်လည် လွတ်မြောက်လာသူ (၁၆)ဦးဟာ စစ်စည်းကမ်း ဖောက်ဖျက်လို့ ထောင်ချခံနေရတဲ့ စစ်သားတွေ ဖြစ်ပြီး အမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့အားလုံးဟာ ဒီဇင်ဘာ(၇)ရက် ဒီမနက်မှာ လွတ်မြောက်လာပြီး စစ်အုပ်စုက ထောင်ဗူး၀မှာ ကားနဲ့ တင် ပြန်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဒီနေ့ လွတ်ငြိမ်းပေးတယ်။ စစ်စည်း (စစ်စည်းကမ်းဖောက်ဖျက်သူ)တွေ ချည်းပေါ့။ စစ်သားတွေပေါ့။ ထောင်ကျတဲ့သူတွေ။ (၁၆)ယောက်။ တစ်ခါတည်း စစ်သားတွေက ပြန်ဖမ်းသွားတယ်။ စစ်မှုပြန်ထမ်းဖို့ ပြောတာပဲ။ အရင်က‌တော့ ရဲစည်း (ရဲစည်းကမ်းဖောက်ဖျက်သူ) လွတ်ဖူးတယ်။ အခုကတော့ စစ်သားတွေပဲ လွတ်တာ”

ဒီလို ထောင်ကျ စစ်သားတွေကို လွှတ်ပြီး ပြန်ဖမ်းဆီးတာဟာ စစ်အုပ်စုက စစ်တိုက်ခိုင်းဖို့အတွက် ဖြစ်မယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“စစ်ပြေး၊ ရဲပြေး၊ စည်းကမ်းဖောက်၊ အရင်ကတော့ ထောင်တော့ ချတယ်ပေါ့။ အခုကတော့ အရေးယူတာ မတွေ့ရတော့ဘူး။ တိုက်ပွဲတွေမှာ ပြန်သုံးတာ တွေ့ရတယ်။ အခု ပြန်ဖမ်းတာကလည်း စစ်တိုက်ခိုင်းဖို့ပဲဖြစ်မှာ”

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ သူတို့အတွက် အသေခံပြီး စစ်တိုက်ခိုင်းဖို့ စစ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ချထားတဲ့ စစ်သားတွေကို ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ပြန်ဖမ်းခေါ်နေတာလို့ စစ်အုပ်စုအသိုင်းအဝိုင်းက ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်အတွင်း မရှိတော့ဘဲ ခွင့်မဲ့ပျက်ကွက်နေသူတွေနဲ့ စစ်ပြေးတွေကိုလည်း ပြန်လက်ခံမယ်လို့ စစ်အုပ်စုက ဒီဇင်ဘာ(၄)ရက်မှာ အသိပေးကြေညာထားပါတယ်။

ကလေးမြို့မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ CDM နဲ့ အရပ်သားပြည်သူ စုစုပေါင်း (၁၅၀၀)ကျော် ရှိပြီး ပြန်လည် အဲ့ဒီ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးထောင်ချခံရသူတွေကတော့ ပြန်လည် လွတ်မြောက်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့အကျဉ်းထောင်ကို တွေ့မြင်ရစဉ် (ပုံဟောင်း)/Photo – Ko Thu/MFP

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *