သတိရှိကြပါ တိုးတိုးတိတ်တိတ်တွေကုတ်ခံနေရပြီ

သံဖြူဇရပ်မြို့မှာ တပတ်အတွင်း စီးပွားရေးလုပ်ငန်းရှင်အပါအဝင် ပြည်သူငါးဆယ်ထက်မနည်းဖမ်းခံရ၊ အများစု အဆက်အသွယ်ပြတ်နေ

သံဖြူဇရပ်၊ ဒီဇင်ဘာ၁၀။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ပေါ်မှာ ဒီဇင်ဘာလပထမပတ်အတွင်း စီးပွားရေးလုပ်ငန်းရှင်အပါအဝင် မြို့ခံလူထု ငါးဆယ်ထက် မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေနဲ့ ဖမ်းဆီးခံရတဲ့သူတွေထံကနေ သိရပါတယ်။

စဖမ်းကတည်းကနေ အခုထိ(ဒီဇင်ဘာလ ၇)ရက်နေ့အထိကို ဖမ်းနေတာပဲ၊ တော်တော်ဆိုးဝါးတယ်၊ ခုလိုဖမ်းတာမျိုး မကြုံဖူး ဘူး၊ ဝင်ဖမ်းချင်တိုင်းဖမ်းနေတဲ့ပုံစံမျိုးကို ဖြစ်နေတာ” လို့ သံဖြူဇရပ်မြို့ခံတဦးက Rehmonnya FM ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ နိုင်ငံတတ်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးသူတွေ၊ တော်လှန်ရေးအင်အားစုတွေကို ငွေ ကြေးထောက်ပံ့တာနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ မြို့ခံတွေအကြားမှာ ပြောဆိုမှုတွေ ရှိနေပေမယ့် Rehmonnya FM အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။

အဲဒီထဲမှာဆိုရင် စီးပွားလုပ်ငန်းရှင် ဆယ်ဦးခန့်၊ အသက်နှစ်ဆယ်ကျော်အရွယ်အမျိုးသားအမျိုးသမီး အများစုပါဝင်သလို သက်ကြီးပိုင်းအရွယ်အမျိုးသားတချို့လည်း ပါဝင်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

ဒါအပြင် ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ နိုင်ငံရေးနဲ့ပတ်သက်နွယ်မှု မရှိသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေကို သံဖြူဇရပ်မြို့မရဲစခန်းနဲ့ မြို့အခြေစိုက်တပ်ရင်းတွေမှာ ဖမ်းဆီးချုပ်နှောင်ထားကာ စစ်ဆေးမှု တွေ လုပ်ဆောင်နေတာကို သိရှိထားရပြီး အများစုက မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရကြသေးဘူးလို့ ဖမ်းဆီးခံရတဲ့သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ သွားမေးတော့ စစ်ဆေးမေးမြန်းနေတုန်းပြောတာပေါ့၊ တွေ့ခွင့်မပေးဘူးလေ၊ အမမောင်ဆို စခန်းမှာရှိတယ်လို့ပဲ သိထားရ တာ၊ အခုထိကို အဆက်အသွယ်မရသေးဘူး” လို့ သူက ပြောပါတယ်။

ဒီလိုမျိုးမိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မရတဲ့အတွက် ဖမ်းဆီးခံထားရတဲ့သူတွေ ညှင်းပမ်းနှိက်စက်ခံရပြီး အသက်အန္တရာယ် ရှိလာမှာကို မိသားစုဝင်တွေက စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံလုံခြုံရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက် ညပိုင်းမှာ သံဖြူဇရပ်မြို့ အောင်ဇေယျ တိုးချဲ့ရပ်ကွက်မှာ ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်ချိန် ဆိုင်ကယ်မောင်းနှင်လာတဲ့ အသက် ၄၄ နှစ်အရွယ် မြို့ခံ ဦးမြသန်းကို Zoraki M – 906 – TD ပစ္စတိုသေနတ်တလက်နဲ့အတူ ကျည် ၃၉ တောင့် ရှာဖွေသိမ်းဆည်းရမိခဲ့တာပါ။

ဦးမြသန်းဖမ်းဆီးခံရပြီး နာရီပိုင်းအကြာမှာပဲ သံဖြူဇရပ်မြို့ “ဟေမဝန်”ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးတရုတ် ကို နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီကနေတဆင့် သံဖြူဇရပ်မြို့ပေါ် ရွှေဆိုင်ပိုင်ရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ မြို့ခံတွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့အထိ အရပ်သား ငါးဆယ်ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် “ဟေမဝန်”ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်အပါအဝင် နေအိမ်တချို့ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီက ဘာကြောင့် အခုလို ဖမ်းဆီးခဲ့တာကို သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဦးမြသန်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးဖြစ်ပြီး သတင်းအရ စစ်ဆင်ရေးလုပ်ဆောင်ဖို့ သွားနေချိန်မှာ အမိအရ ဖမ်းဆီး လိုက်တာဖြစ်တယ်လို့ စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာ ဓါတ်ပုံနဲ့တကွ ဝါဒဖြန့်ထားပါတယ်။

မော်လမြိုင်ခရိုင်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ဦးမြသန်းဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး သတင်းတစုံ တရာထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

“ သူ့(ဦးမြသန်း)ကို ကျွန်တော်တို့ မသိဘူး၊ ဘယ်အဖွဲ့ကမှန်းလဲမသိဘူး၊ သေချာတာတခုက ကျွန်တော်တို့ ရင်းနှီးတဲ့ ဒီဘက်က အဖွဲ့က လူတွေ မဟုတ်လောက်ဘူးဗျ” လို့ ရေးမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

Rehmonnya FM က ဆက်သွယ်ရရှိခဲ့တဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးကတော့ အခုဖမ်းဆီးထားတဲ့သူတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး အဲဒီထဲက တချို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ပတ်သက်ဆက်နွယ်မှုရှိနေတဲ့အတွက် အကြမ်းဖက်ဥပဒေပုဒ်တွေနဲ့ အမှုဖွင့်အရေးယူသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ စစ်ဆေးပြီးတဲ့သူက ပြီးနေပါပြီ၊ သေချာတယ် အားလုံးတော့ မဟုတ်ဘူး၊ အမှုဖွင့်ဖို့ စီစဉ်နေကြတာ၊ အဓိက တပ်ဘက်က လုပ်နေတာ” လို့ သူက ပြောပါတယ်။

အဲဒီထဲက တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ဆက်နွယ်မှု မရှိတဲ့သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ပြီး ပါက ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါအပြင် ဖမ်းဆီးခံထားရသူတွေရဲ့ ထွက်ဆိုချက်အရ နိုင်ငံရေးပါဝင်ပတ်သက်ခဲ့ဖူးသူတွေ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိကြသူတွေကို ထပ်မံဖမ်းဆီးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်ကနေ အခုနှစ် ဒီဇင်ဘာ လ ၈ ရက်အထိ နိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံရသူ စုစုပေါင်း (၂၅၅၂၂)ဦးရှိပြီး အဲဒီထဲက (၁၉၇၃၄)ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ (၈၂၈၉)ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာဆိုရင် မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံထားရသူ ၈၀၀ ကျော်ရှိပြီး ထက်ဝက်နီးပါးက ပြန်လည် လွတ်မြောက်လာပြီးလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ – Crd ( ချိပ်ပိတ်ခံလိုက်ရတဲ့ “ဟေမဝန်”ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင် )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *