အငတ်ကြမ်းချက် ဘုရားငွေတွေပါ သိမ်းကုန်ပြီ

ဗိုလ်တထောင် စေတီ၏ အလှူငွေနှင့် ဝင်ကြေး ရရှိထားသော အမေရိကန်ဒေါ်လာများကိုလည်း စစ်ကောင်စီက တစ်ဒေါ်လာ ၂၁၀၀ ဖြင့် တန်ဖိုးဖြတ်၍ သိမ်းယူ

ရွှေတိဂုံပြီးလျှင် ဘုရားပိုင် ဒေါ်လာများ အသိမ်းခံရသော ဒုတိယမြောက် စေတီဖြစ်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီ၏ အလှူငွေနှင့် ဝင်ကြေးရရှိသော အမေရိကန်ဒေါ်လာများကိုလည်း စစ်ကောင်စီက တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ကျပ်ဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ထုတ်ပေးကာ သိမ်းယူလိုက်ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။

စစ်ကောင်စီက ရွှေတိဂုံစေတီတော်၏ ဝင်ကြေးနှင့်အလှူငွေ အမေရိကန်ဒေါ်လာ ၂၀ သန်းကျော်အထက်ကိုလည်းကောင်း၊ ဗိုလ်တထောင်စေတီ၏ အလှူငွေနှင့်ဝင်ကြေး အမေရိကန်ဒေါ်လာများကိုလည်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

သာသနာရေးဝန်ကြီးဌာန လက်အောက်ရှိ ရွှေတိဂုံနှင့် ဗိုလ်တထောင် ဂေါပကအဖွဲ့များက စေတီများ၏အလှူခံရရှိငွေများကို နိုင်ငံပိုင်ဘဏ်များတွင်အပ်နှံခြင်း၊ ငွေတိုက်စာချုပ်များ ဝယ်ယူခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း၊ အဆိုပါဘဏ်များအတွင်းရှိ နိုင်ငံခြားငွေများနှင့် အမေရိကန်ဒေါ်လာများကို စစ်ကောင်စီက တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ကျပ်ဖြင့် တန်ဖိုးဖြတ်၍ နိုင်ငံခြားငွေများ လဲလှယ်ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်တပ်က ဘုရားပိုင် နိုင်ငံခြားငွေများကို ကျပ်ငွေများ လဲလှယ်ပေး ခြင်းများအတွက် စစ်ကောင်စီ လက်အောက်ခံ ဂေါပကအဖွဲ့များအနေဖြင့် လက်ခံရကြောင်း သိရှိရသည်။

လက်ရှိ စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ နည်းပါး ပြတ်လပ်နေသဖြင့် အမေရိကန်ဒေါ်လာ ရရှိရေး စစ်တပ်က ပုံစံမျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်များ တင်ပို့သော လုပ်ငန်းရှင်များထံမှလည်း ၃၅ ရာခိုင်နှုန်းကို စစ်ကောင်စီက တောင်းခံနေကြောင်း၊ ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာများကို စစ်တပ်က ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းဖြင့် လဲယူကြောင်း သိရှိရသည်။

စစ်တပ်က ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ လစဉ် ဝင်ငွေ ၂ ရာခိုင် နှုန်းကို ဝင်ငွေအခွန်အဖြစ် ကောက်ခံရန်နှင့် မြန်မာအလုပ်သမားများ၏ ပြည်ပမှ ဝင်ငွေများကို ပြည်တွင်းသို့ ပြန်လည် လွှဲပြောင်းရာတွင် စစ်ကောင်စီဘဏ်များနှင့်ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် လွှဲပြောင်း စေရေးအတွက် ဆောင်ရွက်ကြရန် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးများနှင့် သံအမတ်များကို တာ၀န်ပေးအပ် ညွှန်ကြားထားကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*