ကလိန်အောင်တွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဒုရဲအုပ်အပါဝင် ၃ ဦး ကို အမိန့်စာပြန် မသာချ
ဒီဇင်ဘာလ ၁၇ ရက်
တနင်္သာရီ တိုင်း၊ရေဖြူမြို့နယ် ၊ကလိန်အောင်မြို့ ၊ ရန်ကုန် -ထားဝယ် ကားလမ်းမပေါ် မိုင် ၆၀ ကျေးရွာအနီး ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မလွဲတောင် စစ်ဆေးရေးဂိတ်မှပြန်လာသည့် ကလိန်အောင် မြို့မရဲစခန်းက နယ်ထိန်း ဒုရဲအုပ် အပါဝင် ရဲတပ်ဖွဲ့ဝင် များစီးနင်းလိုက်ပါလာသည့်ကားပစ်ခတ်ခံရပြီး သုံးဦးစလုံးပွဲချင်း ပြီးသေဆုံးသွား၍ အမိန်စာပြန်ကာ နှစ်ရက်ဆက်တိုက် မသာချခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးမှာ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးမှာ ကလိန်အောင်မြို့မ ရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ် နေမင်းအောင် ၊ ရဲတပ်ကြပ်ကြီး မောင်နု ၊ ရဲတပ်သား ဇော်ဝင်းနိုင်တို့ဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက် နှင့် ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကလိန်အောင်မြို့ သုသာန်၌ နှစ်ရက်ခွဲ၍ မသာချခဲ့ကြောင်းသိရသည်။
” ၁၄ ရက်နေ့က ရဲတပ်ကြပ်ကြီး မောင်နု နဲ့ ရဲတပ်သား ဇော်ဝင်းနိုင် နှစ်လောင်းပဲ မသာချတယ်။ မီးရှို့ တဲ့ ဖောင်းက အရမ်းပူ လို့ နှစ်လောင်းပဲရှို့လို့ရတယ်။ တစ်လောင်း ကျန်ခဲ့တယ်။ နောက်ရက်မှ နယ်ထိန်း ဒုရဲအုပ် နေမင်းအောင် ရဲ့အလောင်းကို မသာချ တယ်။ အမိန့်စာ ပြန်တာ အကြမ်းဖက် PDF လက်ချက်ကြောင့် ကျဆုံးခဲ့ရတယ် လို့ ပြောဆိုပြီး အမိန့်စာပြန်တယ်” ဟု အသုဘ ကိုလိုက်ပါပို့ဆောင်ခဲ့သည့် ကလိန်အောင်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ကလိန်အောင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် သုံးဦး၏ အသုဘကို လိုက်ပါပို့ဆောင်သူမရှိသလောက် နည်းပါးခဲ့ပြီး မည်သည့် လက်နက်ကိုင် အဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို ယနေ့အထိ ထုတ်ပြန်ထားခြင်းမရှိပေ။
အဆိုပါ ရဲတပ်ဖွဲ့ ဝင်သုံး ဦး ပစ်ခတ်ခံရသည့် မိုင် ၆၀ ရွာသည် ရန်ကုန် -ထားဝယ် ကားလမ်းမပေါ်တွင် တည်ရှိကာ မလွဲတောင် စစ်ဆေးရေးဂိတ် နှင့် မိုင် ၂၀ ခန့်သာကွာဝေးပြီး သေနတ်သုံးလက် နှင့် ဖုန်းတစ်လုံးတို့ကို တော်လှန်ရေးတပ်ဖွဲ့ ဝင်များက သိမ်းဆည်းသွားကြောင်းသိရသည်။