အောင်မြင်တဲ့ ရိုးရာလက်ဝှေ့မယ်ဖြစ်လာဖို့ ကယန်းတိုင်းရင်းသူ ဘရော်နီကာ ဘယ်လိုကြိုးစားခဲ့ရလဲ

အောင်မြင်တဲ့ ရိုးရာလက်ဝှေ့မယ်ဖြစ်လာဖို့ ကယန်းတိုင်းရင်းသူ ဘရော်နီကာ ဘယ်လိုကြိုးစားခဲ့ရလဲ

~~~

ခင်ခင်အိ

■ မြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ချန်ပီယံတစ်ဦးကတော့ ကယန်းတိုင်းရင်းသူ ဘရော်နီကာ (Vero Nika) ပါ။

ဘန်ကောက်မြို့က အားကစားရုံတစ်ခုမှာ ကျင်းပတဲ့ ကယန်းနှစ်သစ်ကူးနေ့အထိမ်းအမှတ်ပွဲမှာ လူငယ်တွေက သူတို့ စံထားရတဲ့သူကိုတွေ့လို့ ပျော်ရွှင်နေကြပြီး မှတ်တမ်းဓာတ်ပုံလေးတွေ ရိုက်ကြနဲ့ သူ့ကို အားပေးနေကြတာတွေ့ရမှာပါ။

ဘရော်နီကာကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စု အရှေ့ကဖုကျေးရွာမှာ မွေးဖွားခဲ့ပြီး မောင်နှမ ခြောက်ယောက်ထဲမှာ သူက ငါးယောက်မြောက် ဖြစ်ပါတယ်။ ဖယ်ခုံမှာ ကျောင်းတက်ရင်း အသက် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသူဘဝမှာ မိဘတွေသဘောမတူတဲ့ကြားက လက်ဝှေ့လောကထဲ ဝင်ရောက်ဖို့ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းကို သူရောက်သွားခဲ့ပါတယ်။

“ငယ်ငယ်တုန်းကတော့ နံရံထိုးလိုက် ငှက်ပျောပင်တွေ့လို့ရှိရင် ထိုးလိုက် အဲလိုမျိုးနဲ့ ပြီးတော့ အက်ရှင်ကားကြည့်ရင် အရမ်းရူးသွပ်တာလေ၊ ဖြစ်ချင်တဲ့စိတ်က အမြဲတမ်း တွေးနေတာပေါ့နော်၊ ဒါပေမဲ့ တကယ့်တကယ်တမ်း ဒီလိုရောက်မယ်ဆိုတာတော့ မစဉ်းစားဖူးဘူး တစ်ခါမှ၊ ဒါပေမဲ့ ဒါလည်း ဘုရားပေးတဲ့ ပါရမီပေါ့နော် အဲလိုမျိုးကြောင့်လည်း ပါတယ်လို့ ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဲဒီ စသွားတဲ့အချိန်မှာ ဗမာစကားဆိုတာ ကောင်းကောင်းတောင် မပြောတတ်ဘူး။ နားလည်း သိပ်မလည်ဘူး သူများပြောရင် အင်း အာ ဒီလိုပဲဆိုတော့ ဒါလဲ ပါရမီပဲပေါ့”

နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းမှာ နှစ်နှစ်နီးပါး လေ့ကျင့်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅ ခုနှစ်မှာတော့ စင်ကာပူ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းမှာ ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာအမျိုးသမီးလက်ဝှေ့ ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့ပါတယ်။

ဒီနောက်မှာတော့ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့ကိုလည်း သွားရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဘရော်နီကာဟာ အနောက်တိုင်းလက်ဝှေ့ကစားနေရာကနေ ၂၀၁၇ ခုနှစ်လောက်မှာ မြန်မာ့ရိုးရာလက်ဝှေ့ကို စတင်ပြီး ပြောင်းလဲကစားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် လွတ်လပ်ရေးနေ့က တောင်ငူမှာကျင်းပတဲ့ လက်ဝှေ့စိန်ခေါ်ပွဲမှာ ထိုင်းလက်ဝှေ့မယ်ကို အနိုင်ရပြီး ရွှေခါးပတ်ချန်ပီယံ ဖြစ်လာခဲ့တာပါ။

အဲဒီနောက်ပိုင်း ပြည်တွင်းပြည်ပ ပြိုင်ပွဲတွေ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆက်တိုက်ဆိုသလို အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဒီ့အတွက်လည်း ကိုယ့်ကိုယ်ကို အမြဲစိန်ခေါ်စိတ် မွေးထားရတယ်လို့ ဘရော်နီကာက ပြောပါတယ်။

“ကျွန်တော့်ရဲ့ စိန်ခေါ်မှုက ကိုယ့်ကိုယ်ကိုပဲ။ ကျွန်တော် ဘယ်လောက်ထိလုပ်နိုင်လဲ ကျွန်တော် ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲ ကျွန်တော် ဘယ်လောက်အရည်အချင်းရှိလဲ၊ နိုင်ငံအတွက် ကျွန်တော် ဘယ်လောက်အထိ ကိုယ်စားဆက်ပြုနိုင်မလဲ။ ကျွန်တော့်နိုင်ငံအတွက်လည်း တော်တော်များများက လူသိပ်မသိတော့ ဒီနေရာမှာ သူများနိုင်ငံထက် ကျွန်တော် ကြိုးစားပြီးတော့ ရောက်အောင်သွားမယ်ဆိုတော့ အဲလိုမျိုးစိတ်နဲ့ ဒါလဲ စိန်ခေါ်မှု တစ်ခုပေါ့”

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် သူ့ရဲ့အိမ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တဲ့အခါ ထိုင်းနိုင်ငံကို သူထွက်ခွာလာခဲ့ပါတယ်။

နိုင်ငံခြားကိုစစရောက်ချင်း ဘာသာစကားကြောင့်နဲ့ မတူကွဲပြားတဲ့ လူနေမှုပတ်ဝန်းကျင်ကြောင့် အနည်းငယ် ကြောက်ရွံ့စိတ်နဲ့ အခက်အခဲရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကို သူရအောင် ကျော်ဖြတ်ခဲ့ပါတယ်။

“ကျွန်တော် ထိုင်းကို စစရောက်တုန်းက အမှန်အတိုင်းပြောရရင် မြန်မာဆိုရင် အထင်သေးတာတွေရှိတယ် ၊ ရှက်တယ်ဆိုတာထက် အားငယ်တာပေါ့နော်၊ ဒါပေမဲ့ အခုချိန်မှာ ကျွန်တော် လုပ်နိုင်တယ် ရှုံးပွဲလည်း နည်းတယ်ဆိုတော့လေ ထိုင်းရောက်တော့ နှစ်နှစ်မှာ ရှုံးပွဲ တစ်ပွဲပဲ ရှိတယ် တောက်လျှောက်နိုင်တယ်၊ တိုင်းဂါးမှာလည်း နိုင်ငံတကာကလာတဲ့ ကလပ်တစ်ခုဆိုတော့ သူတို့က ကျွန်တော့်ကို အမြဲတမ်း အားကစားအရမ်းရူးတဲ့ မိန်းမပေါ့ ကိုယ့်ကိုအရမ်း ပိုပြီးအထင်ကြီးလာကြတယ် ပြီးတော့ဘယ်ကလဲ မြန်မာဆိုတော့ ပိုပြီး သိလာကြတယ် အဲဒီအတွက် ကိုယ့်ကိုယ်ကိုဂုဏ်ယူပါတယ်။”

အောင်ပွဲတွေ ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရော်နီကာဟာ ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက် ပထုံဌာနီမှာ ကျင်းပတဲ့ လက်ဝှေ့ပြိုင်ပွဲမှာ ပြိုင်ဘက် ထိုင်းလက်ဝှေ့မယ်ကို စက္ကန့် ၃၀ အတွင်း အနိုင်ရခဲ့တဲ့နောက် ကမ္ဘာ့မွေထိုင်းအဖွဲ့ကြီးရဲ့ အထူးချွန်ဆုံး အတော်ဆုံး အားကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အခု ၂၀၂၃ ခုနှစ်အတွင်းမှာလည်း နိုင်ငံတကာက လက်ဝှေ့အားကစားမယ်တွေနဲ့ ယှဉ်ပြိုင်ပွဲအားလုံး သူပဲ အနိုင်ရခဲ့ပါတယ်။

ဒီလို အောင်မြင်မှုတွေ ရနေပေမယ့် ကိုယ့်ကိုယ်ကို အားမရစိတ်တွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။ ဒီ့ထက်လုပ်နိုင်အောင်ပိုပြီး ကြိုးစားရမယ်ဆိုတဲ့ စိတ်ဓာတ်ကို အမြဲလက်ကိုင်ထားရတယ်လို့ ဘရော်နီကာက ပြောပါတယ်။

“ကျွန်တော်တို့ အောင်မြင်မှုရလာသူတစ်ယောက်အနေနဲ့ အရှုံးတို့ စိန်ခေါ်မှု အခက်အခဲတွေရင်ဆိုင်ရတာပေါ့နော် အဲလိုရင်ဆိုင်ရလို့လည်း ဒီလိုအခြေအနေရောက်လာတယ်။ ပတ်ဝန်းကျင်က ကိုယ့်ကို မကြိုက်တာပြောမိရင် ဒါကို စိတ်မညစ်နဲ့ စိတ်ဓာတ်မကျနဲ့၊ ခက်ခဲတဲ့ အရာတွေက ကျွန်တော်တို့ကို အောင်မြင်မှုတွေကို တွန်းပို့နိုင်တဲ့အတွက် ဒီအရာတွေကို ခေါင်းထဲမှာမထားဘူး၊ ကိုယ်လုပ်ချင်တဲ့အရာ ဖြစ်ချင်တဲ့အရာ ရှေ့ဆက်ပြီး သွားဖို့ပဲ ကျွန်တော်ပြောချင်ပါတယ် သေချာပေါက် ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မှာပါ”

လက်ရှိမှာ ဘရော်နီကာဟာ ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးပွဲစဉ်အနေနဲ့ ထိုင်းလက်ဝှေ့မယ်နဲ့ အယုဒ္ဓယမြို့မှာ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ တကယ်တော့ မြန်မာရိုးရာလက်ဝှေ့ဟာ အင်မတန်ဂုဏ်ယူစရာ အားကစားတစ်ရပ်ဖြစ်ပါတယ်။ ဆရာ ကျားဘညိမ်းလို ကမ္ဘာသိပုဂ္ဂိုလ်တွေလည်း ပေါ်ထွန်းခဲ့ပါတယ်။ အခု ဘရော်နီကာလို ကြိုးစားတဲ့သူတွေကို မြင်ရတာ အားတက်စရာလည်း ဖြစ်ပါတယ်။

တစ်ချိန် မြန်မာပြည် ဒီမိုကရေစီပြန်လည်ထွန်းကားလာတဲ့ တစ်နေ့မှာ ဘရော်နီကာလို တိုင်းပြည်ဂုဏ်ဆောင်မယ့် မြန်မာ့ရိုးရာလက်ဝှေ့သမားအများအပြား ပေါ်ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *