အုပ်ဖို ပျူသားအဖဆော်ခံရ

ပေါက်ခေါင်းမြို့နယ်၊ အုပ်ဖိုရွာတွင် နေထိုင်သော ပျူစောထီး သားအဖ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

ဒီဇင်ဘာလ ၂၅ ရက်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အုပ်ဖိုရွာတွင် နေထိုင်သော ပျူစောထီး သားအဖ ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ အုပ်ဖိုရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးခေါင်းဆောင်သိန်းမြင့်ကို ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ SPDF မှ ၎င်း၏ နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ သိန်းမြင့်မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်း သားဖြစ်သူ စစ်ပြေးပျူစောထီးအဖွဲ့ဝင် ပြည်စုံသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံသည့်အတွက် ထပ်မံ ပစ်ခတ်တိုက်ခိုက်ရာ အပြင်းအထန် ဒဏ်ရာရကာ စစ်ဆေးရုံတွင် တင်ထားရ​ပြီး သေဆုံးခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် သိန်းမြင့်သည် ကျေးရွာအုပ်စုအတွင်း ပျူစောထီးဖွဲ့ရန် လူငယ်များကို စည်းရုံးခြင်း၊ စစ်တပ်အတွက် စစ်သားသစ် စုဆောင်းရန်ရှာပေးခြင်း၊ စစ်တပ်ထဲမှ စစ်မတိုက်လို၍ ထွက်ပြေးလာသော စစ်သား ၉ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက် ပေးမည်ဟု ခေါ်ယူ၍ စစ်တပ်ထံပြန်လည် အပ်ပေးခဲ့သူဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ထောက်တိုင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီဖြစ်ပါသောကြောင့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သတင်းပေးများ၊ ပျူစောထီးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနအသီးသီးမှ ဝန်ထမ်းများ အားလုံး ပြည်သူနှင့် ပူးပေါင်းပြီး အလင်းဝင်ကြရန် ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ SPDF က ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *