တစ်ပါတ်အတွင်း သုံးမြို့အပြင်နောက်ထပ်တစ်လှိုင်းလာမယ်

တစ်ပါတ်အတွင်း မြို့သုံးမြို့ သိမ်းတဲ့ TNLA က ဆက်လက် စစ်ရေးအရှိန်မြှင့်မယ်လို့ ပြော၊

မှူးအိန်ဂျယ်လ်/MFP၊ ဒီဇင်ဘာ – ၂၅

ညီနောင်မဟာမိတ်တွေနဲ့အတူ အာဏာသိမ်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အကြီးအကျယ် အောင်ပွဲရနေတဲ့ တအာင်းတပ်မတော် – TNLA က သူရဲ့ စစ်ရေးနယ်မြေဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းဒေသ တစ်ခုလုံး လွတ်မြောက်ဖို့ စစ်ရေးအရှိန် မြှင့်တင်မယ်လို့ TNLA ပြောရေးဆိုခွင့်ရုံး တာဝန်ရှိသူက MFP ကို ပြောပါတယ်။

TNLA အနေနဲ့ ဒီဇင်ဘာ(၁၅)ရက်ကနေ (၂၂)ရက်အထိ တစ်ပါတ်တာတွင်း တအာင်းဒေသ အဓိက မြို့ကြီး သုံးမြို့ဖြစ်တဲ့ နမ့်ခမ်း၊ နမ့်ဆန်နဲ့ မန်တုံမြို့ တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ၁၀၂၇ စစ်ဆင်ရေး အတွင်း မိုင်းလုံမြို့ အပါအဝင် တအာင်းဒေသက မြို့လေးမြို့ကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

တအာင်းပြည်နယ် တခုလုံးကို တအာင်းပြည်သူလက်ထဲ အရထည့်ပေးနိုင်ဖို့အတွက် ကျန်ရှိနေတဲ့ မြို့တွေကို သိမ်းပိုက် ထိန်းချုပ် ရရှိရေး TNLA က ဆက်လက် စစ်ရေးအရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ (၅၉)ရက်မြောက်အထိ ဆက်လက် အောင်ပွဲတွေ ရနေပြီး စစ်ဆင်ရေးဟာလည်း အရှိန်အဟုန်မပျက် ပုံမှန်ရွေ့လျားနေတယ်လို့ ညီနောင် သုံးဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာလည်း ညီနောင် သုံး ဖွဲ့ အနေနဲ့ စစ်အုပ်စုကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု အနေနဲ့ စိတ်ဓာတ်ပျက်စီးယိုယွင်းကာ တိုက်ရည်ခိုက်ရည် ကျဆုံးလျက်ရှိပြီး မြေပြင်စစ်ပွဲတွေအတွင်း ညီနောင် သုံးဖွဲ့ကို ယှဉ်လို့ မရတော့တာကြောင့် စစ်အပ်စုဟာ ပြည်သူ လူထုကိုသာ အဓိကထား ဦးတည်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ညီနောင် သုံးဖွဲ့က ဆိုပါတယ်။

တအာင်း – TNLA၊ ကိုးကန့် – MNDAA နဲ့ ရက္ခိုင် – AA တို့ ညီနောင် မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး (၅၉)ရက်တာ ကာလအတွင်း ရှမ်းမြောက်ဒေသက စစ်အုပ်စု စခန်း (၃၀၀)ကျော်၊ ချင်းရွှေဟော်၊ နမ့်ဆန်နဲ့ နမ့်ခမ်း အပါအဝင် မြို့ကိုးမြို့နဲ့ အရေးကြီးတဲ့ တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ် လေးခုကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *