လွမ်းတယ် ပြည်သူ့များရဲ့အမေ

လူထုနဲ့ အဆက်ဖြတ်ခံထားရဆဲ လူထုခေါင်းဆောင်ဇန်နဝါရီလ ၃ ရက်မြန်မာလူထုအများစုလည်း ပါဝင်ဆင်နွှဲကြတဲ့ နိုင်ငံတကာနှစ်သစ်ကူးချိန်မှာ အစိုးရတွေ၊ အာဏာပိုင်တွေ နိုင်ငံမဏ္ဍိုင်တွေထဲ ဦးစီးဦးရွက်ပြုသူတွေလည်း မနေသာ နှစ်ကူးချိန် မိန့်ခွန်းပြောကြတာ၊ သဝဏ်လွှာပို့ကြတာ၊ လူထုဆီ သတင်းစကား ပါးတာတွေ လုပ်လာကြရတယ်။တော်လှန်ရေးကာလဖြစ်တဲ့ အခုလို အခါမှာတော့ တော်လှန်ရေးအင်အားစုတွေရဲ့ ခေါင်းဆောင်တွေ၊ အကြီးအကဲတွေဆီက နှစ်သစ်မိန့်ခွန်းတွေ၊ သတင်းစကားတွေကို ကြားကြ၊ တွေ့ကြရပါတယ်။တစုံတယောက်သောသူဆီက နှစ်ကူးစကားလက်ဆောင်တွေ မကြားကြရတော့တာတော့ အခုဆိုရင်နိုင်ငံတကာ နှစ်ကူးချိန်သုံးခု ရှိခဲ့ပြီ။၂၀၂၀ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကိုအပြောင်း နှစ်ဟောင်းကုန်ချိန်မှာ သူ့ရဲ့ နှစ်ကူးစကားလက်ဆောင် ကြားခဲ့ရပြီးကတည်းက သူ့စကားသံကိုလည်း မကြားရတော့သလို လူအများစု သူ့ကိုမြင်လိုကြတဲ့ အခြေအနေနဲ့လည်း မမြင်ရတော့တာပါ။မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုးဝတ်ဆင်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေမှာ ပန်းအမြဲ ပန်တတ်သူ၊ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေပြီး မိသားစုကိုပါ စွန့်လွှတ်ထားသူ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်၊ တပ်မတော်တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး…။စတဲ့ မြန်မာပြည်သူတွေ ချစ်မြတ်နိုးတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအချိန်မှာတော့ အများပြည်သူမြင်ကွင်းက ပျောက်နေတာ တနှစ်ကျော်ရှိသွားပါပြီ။ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ၊ တိုင်းရင်းသားဒေသတွေက စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိပေမယ့် သူမရဲ့ နိုင်ငံရေးဩဇာကို ဘေးချိတ်ထားလို့ မရနိုင်သေးဘူးလို့ ယူဆခံထားရသူ။စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကတည်းက နေပြည်တော်တနေရာမှာ မတရားဖမ်းဆီးခံထားရတဲ့ အသက် ၇၉ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်တွေက ရည်ရွယ်ချက်ရှိရှိ လူထုနဲ့ အဆက်ဖြတ်ထားပါတယ်။▪ဒေါ်အောင်ဆန်းစုကြည်ဘယ်မှာလဲဒီချုပ် အစိုးရလက်ထက်က သဘာ၀ဘေးအန္တရာယ်ဖြစ်စဉ်တွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူတာနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုခဲ့တဲ့ အဂတိအမှု ငါးမှုအတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှာ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။စစ်ကောင်စီခေါ်ယူတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒီချုပ်အစိုးရ လက်ထက်က ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ ကိုယ်တိုင် ဒီအမှုတွေနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ထွက်ဆိုပေးခဲ့ပါတယ်။ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံ တရားရုံးကတော့ အမှု ငါးမှုအတွက် ထောင်ဒဏ် ခုနှစ်နှစ်အထိ ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အကျဉ်းထောင်မှာရှိတဲ့ သီးသန့်နေ အိမ်တလုံးမှာ ထားရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေ ရေးသားခဲ့ကြပါတယ်။ လက်ရှိမှာတော့ သူမကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်တော့ပါဘူး။ ▪ထောင်ဝတ်စုံနဲ့ ရုံးထုတ်စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်နဲ့ အတူ စွဲဆိုခံထားရတဲ့ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) အမှုအတွက် တရားရုံးထုတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီး ထောင်ဝတ်စုံ ဖြစ်တဲ့ အင်္ကျီအဖြူ၊ ထဘီအညိုရင့် (ယောဂီရောင်) ဝတ်ဆင်စေခဲ့ပါတယ်။ရာဇဝတ်သားတဦးသဖွယ် ပြုမှုဆက်ဆံတာလည်း ဖြစ်ပါတယ်။အရင်စစ်အစိုးရလက်ထက်က ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း နေအိမ်အကျယ်ချုပ် ၁၅ နှစ်လောက် ကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလိုထောင်ဝတ်စုံနဲ့ ရုံးထုတ်တာ၊ အကျဉ်းထောင်မှာ နှစ်ရှည်နေထိုင်ရတာမျိုး မရှိခဲ့ပါဘူး။စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေအရ အကြောင်းအရာခိုင်လုံတဲ့ အမှုတွေအတွက် တရားစီရင်ခြင်းခံရတာလို့ တုံ့ပြန်တာကို မီဒီယာတချို့မှာ တွေ့ရပါတယ်။▪ထောင်ဝင်စာတွေ့ခွင့်မရသေးဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲ တရားစွဲဆိုထားတဲ့ နောက်ဆုံးအမှုတွေ အမိန့်ချပြီးနောက်ပိုင်း သူမဟာ ရှေ့ နေအဖွဲ့နဲ့တောင် တွေ့ဆုံခွင့်မရခဲ့ပါဘူး။အမိန့်ချထားတဲ့ အမှုတွေ အယူခံတက်ဖို့အတွက် ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးဖို့ ၂၀၂၃ ခုနှစ် တနှစ်လုံး အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ခွင့်ပြုချက်မပေးခဲ့ပါဘူး။စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူက တွေ့ခွင့်တောင်းရင် စဉ်းစားမယ်လို့ အောက်တိုဘာလကုန်မှာ VOA သတင်းဌာနကို ပြောထားပေမယ့် ဒီနေ့အချိန်အထိ တွေ့ဆုံခွင့် မပေးသေးပါဘူး။ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခ) Dannian Kim Arundel Aris က မိခင်နဲ့ တွေ့ခွင့်ရဖို့ လန်ဒန်မြို့ မြန်မာသံရုံး၊ ဗြိတိသျှနိုင်ငံခြားရေးရုံး၊ နိုင်ငံတကာကြက်ခြေနီအသင်းတို့ထံ စာပို့ပြီး တောင်းဆိုထားကြောင်း နိုဝင်ဘာ ၁ ရက်က Myanmar Now သတင်းဌာနကို ဖြေဆိုထားတယ်လို့ ဆိုပါတယ်။တဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ ရှေ့နေအဖွဲ့တို့ လူချင်းတွေ့ဆုံခွင့်မရတာ တနှစ်ပြည့်ခဲ့ပြီး ဖြစ်ပေမယ့် အစားအသောက်၊ ဆေးဝါးနဲ့ တခြားလိုအပ်တာတွေကိုတော့ စစ်ကောင်စီက အပတ်စဉ် တနင်္လာနေ့တိုင်း ပေးခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းကတည်းက သုံးနှစ်ကျော် ပိတ်ပင်ထားခဲ့တဲ့ အကျဉ်းသားတွေရဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေရှိ အကျဉ်းသားအားလုံးကို အောက်တိုဘာလ ၂၆ ရက်မှာ စစ်ကောင်စီက ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီချုပ်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးတွေကိုတော့ မိသားစုနဲ့တွေ့ခွင့်ကို တခြားအကျဉ်းသားတွေနည်းတူ ပြန်လည်ခွင့်ပြု မပေးခဲ့ပါဘူး။▪ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံရှေ့နေအဖွဲ့နဲ့တောင် တွေ့ခွင့်မပေးခဲ့တဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်းတဦးနဲ့ တွေ့ဆုံခွင့်ပေးခဲ့ပြီး အငြင်းပွားဖွယ် သတင်းထုတ်ပြန်မှုတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်မှာ စစ်ကောင်စီရဲ့ဖိတ်ကြားမှုနဲ့ နေပြည်တော်ကို တိတ်တဆိတ်ရောက်ရှိလာခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Don Parmudwinai ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာရီအတော်ကြာ နှစ်ဦးတည်း တွေ့ဆုံခွင့်ရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံခွင့်ရခဲ့တဲ့ ထိုင်းဝန်ကြီးဟောင်းတို့နှစ်ဦး ဘာတွေ့ ပြောဆိုခဲ့တယ်ဆိုတာကို စစ်ကောင်စီက အသေးစိပ်ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်နက်ကိုင်တော်လှန်ရေးအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အားမပေးဘူးဆိုတဲ့ တဖက်လှည့်ဝါဒါဖြန့်မှုတွေကိုတော့ လုပ်ခဲ့ပါတယ်။ ကုလသမဂ္ဂ အထွထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၇ ရက်က တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့နေအိမ်ကို ပြန်လည်ပို့ဆောင်ဖို့ နိုလင်းဟေဇာက တောင်းဆိုခဲ့ပါတယ်။စစ်ခေါင်းဆောင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအားလုံး ပြီးပြတ်သွားရင် စဉ်းစားဆောင်ရွက်မယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပေမယ့် အခုအချိန်အထိတော့ အဲဒီစကားဟာ လက်တွေ့လုပ်ဆောင်ချက်ဖြစ်မလာသေးပါဘူး။▪အယူခံအမှုတွေပယ်ချ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီချုပ်ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် စစ်တပ်က မဲစာရင်းမှားယွင်းမှုကို အကြောင်းပြကာ လွှတ်တော်ခေါ်မယ့် ရက်မှာပဲ အာဏာသိမ်းယူခဲ့ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)အရ သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးနေရာကနေ အစိုးရအဖွဲ့ကို ထိန်းကျောင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်သမ္မတ၊ ဒီချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင် အားလုံးနီးပါးကို အဲဒီနေ့မှာပဲ ဖမ်းဆီးခဲ့တာပါ။အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို ထောင်ဒဏ် နှစ်ပေါင်း နှစ်ရာကျော်လောက် ချမှတ်နိုင်တဲ့ ပုဒ်မပေါင်း ၁၉ ခုလောက်နဲ့ တရားစွဲဆိုခဲ့ပါတယ်။ အသက် ၇၉ နှစ် နီးပါးအရွယ်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီအမှုတွေအတွက် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ အမှု ၁၉ ခုအနက်က တချို့အမှုတွေရဲ့ ပြစ်ဒဏ်တွေကို ပြန်လည်လွတ်ငြိမ်းခွင့် ပြုခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ်အထိ ဆက်လက်ကျခံဖို့ ရှိနေသေးတာပါ။ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ စွပ်စွဲထောင်ချခဲ့တဲ့ အမှုတွေအားလုံးနဲ့ပတ်သက်ပြီး သူမရဲ့ရှေ့နေအဖွဲ့က သက်ဆိုင်ရာ တရားရုံးအဆင့်ဆင့်မှာ အယူခံမှုတွေ ပြင်ဆင်မှုတွေကို ဆက်လက်လျှောက်ထားခဲ့ပါတယ်။ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေကလည်း အမှုတွေကို လက်ခံစစ်ဆေးပြီး အရှုံးပေးတာရှိသလို တချို့အမှုတွေဆိုရင် လက်ခံစစ်ဆေးမှုမရှိဘဲ ပယ်ချလိုက်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။▪အထီးကျန်နေ့ရက်များအရင်စစ်အစိုးရလက်ထက်က နှစ်ရှည်နေအိမ်အကျယ်ချုပ် ကာလတွေမှာ အနီးကပ်စောင့်ရှောက်ပေးတဲ့ ဒေါ်ခင်ခင်ဝင်း မိသားစုလို ရှိခဲ့ပါတယ်။အခုအချိန်မှာတော့ စစ်ကောင်စီက စေလွှတ်ထားတဲ့ ဝန်ထမ်းအနည်းငယ်နဲ့ အထီးကျန်စွာ ဖြတ်သန်းနေရပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း သွားဖုံးရောင်ရောဂါနဲ့ ပြင်းထန်တဲ့ သွားကိုက်ဝေဒနာ ခံစားနေရပေမယ့် နေပြည်တော် အချုပ်ထောင် ဆရာဝန်ကသာ လာရောက်စစ်ဆေးပေးခဲ့ပြီး ပြင်ပ သွားဆရာဝန်နဲ့ ကုသခွင့်ရဖို့ ကြန့်ကြာနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။သွားဖုံးရောင်တာနဲ့ သွားကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတာကြောင့် ပြင်ပက သွားဆရာဝန်နဲ့ ကုသနိုင်ဖို့ ထောင်အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင်းဆိုထားပေမယ့် စစ်ကောင်စီဘက်က ခွင့်ပြု၊ မပြုကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အမြန်ဆုံး ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။အမှုတွေကို အပြီးသတ်အမိန့်ချပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားခွင်ကို ပို့ဆောင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် သူမရဲ့ ကျန်းမာရေး အခြေအနေကအစ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ပြည်သူလူထုအနေနဲ့ သိရှိခွင့်မရခဲ့ပါဘူး။ဒါပေမယ့် နေပြည်တော်တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အနည်းငယ် ကိုယ်ရည်စစ်သွားပြီး အသားညိုသွားတာကလွဲရင် စိတ်ဓာတ်ပိုင်း တည်ငြိမ်ခိုင်မာနေတယ်လို့ ဆိုပါတယ်။လက်ရှိနှစ်သစ်ကူးချိန်မှာ လူထုခေါင်းဆောင်ဆီက သတင်းစကား မကြားကြရပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ရော လူထုခေါင်းဆောင်အဖြစ်နဲ့ပါ နှစ်ကူးသတင်းစကားတွေ ပေးခဲ့ဖူးတဲ့ သူမဟာ လူထုကိုသတိတရ ရှိနေလိမ့်မယ်ဆိုတာတော့ သေချာပါတယ်။“ ကျွန်မတို့နိုင်ငံအတွက် နှစ်သစ်ဟာ နှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းစေချင်တယ် ” လို့ ၂၀၁၈ ခုနှစ် ကုန်ဆုံးချိန်က နှစ်သစ်ဆုတောင်းစကားမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်ပြောခဲ့ဖူးတယ်။အာဏာသိမ်းမှုကြောင့် အရာရာ ခေတ်နောက်ပြန်ရောက်သွားတဲ့ လက်ရှိကာလမှာတော့ တနှစ်ထက်တနှစ်ပို ကောင်းလာဖို့ဆိုတာထက် အိမ်ပြန်ခရီးတွေ ပိုပိုနီးလာကြဖို့ကိုသာ ဦးစားပေးနေကြရတယ်။ အာဏာရှင်ကို တော်လှန်နေသူတွေ အိမ်ပြန်ခရီး ပိုပိုနီးလာတယ်ဆိုတာဟာလည်း တနည်းအားဖြင့်တော့ ပိုကောင်းလာတဲ့ ကိစ္စပဲ မဟုတ်လား။ဒါဆိုရင်တော့ လူထုခေါင်းဆောင်ရဲ့ ဒီစကားစုအဟောင်းလေးကိုပဲ ဒီနှစ်အတွက် နှစ်သစ်စကားအဖြစ် မှတ်ယူလိုက်နိုင်ပါတယ်။“ ကျွန်မနဲ့ ကျွန်မတို့နိုင်ငံရဲ့ ပြည်သူလူထုဟာ နိုင်ငံ့အကျိုးအတွက် ဆန္ဒတထပ်တည်းဖြစ်ပြီးတော့ ကျွန်မတို့ရဲ့ ဆန္ဒတွေ ကျွန်မတို့ရဲ့လိုအပ်ချက်တွေ ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကို ကြိုးစားအားထုတ်ခြင်းအားဖြင့် အကောင်အထည်ဖော်နိုင်ပါစေ ” …

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *