ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ မြို့ ၂ ခုလုံးကို အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက်

ကွတ်ခိုင် စစ်တပ်ဗျူဟာကုန်း နှင့် သိန္နီမြို့ရှိ စကခ ၁၆ စစ်ဌာန ချုပ်တို့ကို TNLA က သိမ်းပိုက်ရရှိပြီး ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ ၂ ခုလုံးကို အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက်

■ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့ပေါင်း ၁၆ မြို့ ရှိလာပြီ

ရန်ကုန်၊ ဇန်နဝါရီ ၈

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင် စစ်တပ်ဗျူဟာကုန်း နှင့် သိန္နီမြို့ရှိ စကခ ၁၆ စစ်ဌာနချုပ်တို့ကို TNLA က သိမ်းပိုက်ရရှိပြီး ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ ၂ ခုလုံးကို အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်န ဝါရီလ ၇ ရက်နေ့ ညပိုင်း တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး ၇၃ ရက်မြောက်နေ့တွင် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ၏ သိန္နီအခြေစိုက် “စကခ (၁၆) နောက်တန်းဌာနချုပ်” ကို ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်လည်းကောင်း၊ “ကွတ်ခိုင်ဗျူဟာကုန်း” ကို ဇန်နဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင်လည်း ကောင်း အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ညီနောင် မဟာ မိတ် ၃ ဖွဲ့က ကြေညာသည်။

“နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါပြီ။ သိန္နီ စကခ ၁၆ မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတော့ စကခ ၁၆ ဌာနချုပ်ကနေ ဆုတ်ခွာသွားတယ်။ ကွတ်ခိုင်ဗျူဟာကုန်းကတော့ မနေ့ညဉ့်နက်ပိုင်းမှ ရတယ်လို့ သိရပါတယ်။ အခုတော့ နယ်မြေရှင်းလင်း လုပ်နေတယ်။ လေယာဉ်နဲ့ ဗုံးကျဲမှာစိုးရိမ်တဲ့အတွက် သတိနဲ့ လုပ်နေရတယ်။ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေလည်း စိစစ်နေဆဲပါပဲ။ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်တဲ့နေရာမှာ ညှိနှိုင်းမှုတွေလည်းရှိခဲ့တယ်လို့သိရတယ်။ အသေးစိတ်ကတော့ ဗဟိုက သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု TNLA တပ်မဟာ ၅ စစ်ဒေသမှ သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် TNLA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကွတ်ခိုင်မြို့ နှင့် သိန္နီမြို့တို့ကို လုံး၀ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့ပေါင်း ၁၆ ခုရှိလာပြီဖြစ်ပြီး

၁-ချင်းရွှေဟော်၊

၂-လောက်ကိုင်၊

၃-ကုန်းကြမ်း၊

၄-ဖောင်းဆိုင်၊

၅-မုံးကိုး၊

၆-ကွမ်းလုံ၊

၇-ဟိုပန်၊

၈-နမ့်ဆန်၊

၉-နမ္မတူ၊

၁၀-မန်တုံ၊

၁၁-မိုင်းလုံ၊

၁၂-မိုင်းငေါ့၊

၁၃-နမ့်ခမ်း၊

၁၄-ပန်ဆိုင်း/ကြူကုတ်၊

၁၅-ကွတ်ခိုင်၊

၁၆-သိန္နီမြို့တို့ ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ နမ္မတူမြို့သိမ်းတိုက်ပွဲမှ TNLA တပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *