သာလီစွပါ အလံဖြူလေးတွေဆက်တိုက်မြင်ရတော့မယ်

မြောက်ဦး သင်းကျိတ်တော်တောင်မှ စစ်ကောင်စီတပ်သား ၁၀၀ ခန့် AA ထံ လက်နက်ချဟု သတင်းထွက်

ဇန်နဝါရီလ ၈ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့နှင့် ၅ မိုင်ခန့် အကွာတွင်ရှိသော ပေါက်တောပြင်ကျေးရွာအနီးရှိ သင်းကျိတ်တော်တောင်၌ တပ်စွဲနေသော စစ်ကောင်စီတပ်သား ၁၀၀ ခန့်မှာ ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီက လက်နက်ချ အလင်းဝင်းကြကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ယမန်နေ့ နေ့လယ်ကတည်းက စစ်ကောင်စီတပ်သား ၄ ဦးနှင့် AA မှ တာဝန်ရှိသူ ၄ ဦးတို့ အပြန်အလှန်ဆွေးနွေးပြီးနောက် သင်းကျိတ်တော်တောင်မှ စစ်ကောင်စီတပ်သားများ အလင်းဝင်သွားကြခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနေ့က နေ့လယ်လောက်မှာ သင်းကျိတ်တော်တောင်က စစ်ကောင်စီတပ်သား ၄ ယောက်နဲ့ AA ဖက်က ၄ ယောက် တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရတယ်။ သင်းကျိတ်တော်တောင်က တပ်သားတွေ အလင်းဝင်မယ်ပေါ့။ သင်းကျိတ်တော်တောင် တပ်စခန်းတစ်ခုလုံးပေါ့။ အင်အား ၁၀၀ နီးပါးရှိပါတယ်။ AA က ဒီနေ့မှ ရွှေ့ပြောင်းမလို့ပါ။ ဘာဖြစ်လို့လဲတော့မသိဘူး။ မနေ့က ညနေ ၅ နာရီလောက်မှာပဲ တစ်ခါတည်း အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားတွေကို ကား ၃ စီးနဲ့ AA က ခေါ်ယူသွားတယ်” ဟု ပြောသည်။

အဆိုပါ သင်းကျိတ်တော်တောင်မှ စစ်ကောင်စီတပ်သားများ ကား ၃ စီးဖြင့် AA မှ ခေါ်ယူသွားသည်ကို မျက်မြင်တွေ့လိုက်သူများ ရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။

သို့သော် သင်းကျိတ်တော်တောင်၌ တပ်စွဲနေသော စစ်ကောင်စီတပ်သားများထဲမှ အရာရှိအချို့နှင့် AA မှ အရာရှိအချို့တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးကြသည့် သတင်းမှာ မှန်ကန်သော်လည်း AA ထံ အလင်းဝင်သူများမှာ အရာရှိ ၆ ဦးခန့်သာ အလင်းဝင်ပြီး ကျန်တပ်သားများကို မြောက်ဦးဘက်သို့ သွားရောက်နိုင်ရန် AA မှ လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်းလည်း သတင်းထွက်ပေါ်နေသည်။

သင်းကျိတ်တော်တောင်အောက်ရှိ ပေါက်တောပြင်ကျေးရွာဒေသခံ တစ်ဦးက “သင်းကျိတ်တော်က စစ်ကောင်စီတပ်သားတွေနဲ့ AA တို့ တွေ့ဆုံကြတာမှန်ပါတယ်။ ကျနော်တို့ သိသလောက်တော့ အရာရှိ ၆ ယောက်လောက်ကသာ အလင်းဝင်ပြီး အောက်ခြေတပ်သားတွေကိုကျတော့ မြောက်ဦး အမှတ် ၃၁ ရဲတပ်ရင်းဘက်သို့ သွားဖို့ AA က လမ်းကြောင်းဖွင့်ပေးလိုက်တယ်လို့ သိရတယ်။ သေချတာကတော့ သင်းကျိတ်တော်တောင်မှာ စစ်ကောင်စီတပ်သားတွေ တစ်ယောက်မှ မရှိတော့ပါဘူး” ဟု ပြောသည်။

သင်းကျိတ်တော်တောင်၌ တပ်စွဲနေသော စစ်ကောင်စီတပ်သား အားလုံးမှာ ရက္ခိုင့်တပ်တော် AA ထံ အလင်းဝင်ခြင်း ရှိမရှိနှင့် မြောက်ဦးဘက်သို့ လမ်းကြောင်းဖွင့်ပေးခြင်းရှိမရှိကို အတည်ပြုနိုင်ရန် Western News မှ AA ပြောခွင့်ရ ဦးခိုင်သုခအား မေးမြန်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သားများအားလုံး AA ထံ အလင်းဝင်ခြင်း ရှိမရှိကို အတည်မပြုနိုင်သော်လည်း တပ်သားအချို့က လက်နက်ချ အလင်းဝင်ခြင်းနှင့် သင်းကျိတ်တော်တောင်၌ စစ်ကောင်စီတပ်သားများ တစ်ဦးတစ်ယောက်မျှ ယမန်နေ့ ညကစ၍ မရှိတော့သည်ကို Western News မှ အတည်ပြုနိုင်သည်။

သင်းကျိတ်တော်တောင်၌ စစ်ကောင်စီတပ်သားများမှာ ၂၀၁၉ ခုနှစ်ကစ၍ တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး ယင်းအချိန်ကစ၍ AA မှ တောင်အောက်ကနေ၍ သွားလာခွင့်ပိတ်ပင်ထားပြီး ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်သည်။

ကျောက်တော်မဟာမုနိဘုရားမှ မြောက်ဦးမြို့အဝင် ကျောက်ရာဇ်ကေရပ်ကွက်အထိ လင်းမြွေတောင်က လွဲ၍ ကားလမ်းတစ်လျှောက်နှင့် တောတောင်များကို ရက္ခိုင့်တပ်တော် AA မှ သိမ်းပိုက်ထားလိုက်ပြီဖြစ်သည်။

မြောက်ဦးဒေသခံတစ်ဦးက “တောင်ဦးကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ လင်းမြွေတောင်ကလွဲပြီး ကျောက်တော် မဟာမုနိဘုရားကနေ မြောက်ဦးမြို့အဝင် ကျောက်ရာဇ်ကေရပ်ကွက်အထိ AA က သိမ်းပိုက်လိုက်ပြီ။ ကျောက်ရာဇ်ကေရပ်ကွက်အနီးမှာရှိတဲ့ မြောက်ဦးမြို့မရဲစခန်း၊ ခရိုင်ရဲစခန်း၊ ခရိုင်ထွေ/အုပ်၊ မြို့နယ်ထွေ/အုပ်၊ ခရိုင်တရားရုံးနဲ့ ငွေတောင်ပေါက်တံတား သူတော်မတောင် တပ်စခန်းကို ကုန်ခဲ့တဲ့ ဒီဇင်ဘာလအတွင်းက AA က သိမ်းပိုက်လိုက်ပြီ” ဟု ပြောသည်။

ကျောက်တော် မဟာမုနိဘုရားနှင့် မြောက်ဦးမြို့အဝင်အထိ စစ်ကောင်စီ၏ အဓိက တပ်စခန်း နှစ်ခုမှာ လင်းမြွေတောင်တပ်စခန်းနှင့် သင်းကျိတ်တော်တောင် တပ်စခန်းတို့ဖြစ်ကြပြီး ယင်းအထဲက သင်းကျိတ်တော်တောင် တပ်စခန်းမှာ ယမန်နေ့က AA ထံ အလင်းဝင်ကြ၍ စစ်ကောင်စီတပ်သား တစ်ဦးတစ်ယောက်မျှ မရှိကြတော့ဘဲ လင်းမြွေတောင်တပ်စခန်းတစ်ခုသာ ကျန်ရှိတော့သည်။

လင်းမြွေတောင်တပ်စခန်းမှ စစ်ကောင်စီတပ်သားများမှာလည်း တောင်အောက်က AA မှ ဝန်းရံပိတ်ဆို့ထားခြင်းကြောင့် တောင်အတက်အဆင်း ပြုလုပ်၍မရဘဲ ပိတ်ပင်ခံထားရကြောင်း သိရသည်။

လင်းမြွေတောင်အနီး ဒေသခံတစ်ဦးက “လင်းမြွေတောင် တပ်စခန်းကို AA က တောင်အောက်ကနေ ဝန်းရံပိတ်ဆို့ထားတာ နှစ်နဲ့ချီ ကြာနေပါပြီ။ စစ်ကောင်စီတပ်သား ၃၀၀ လောက်ရှိတယ်။ တောင်အောက်တော့ ဆင်းလို့မရဘူး။ ရိက္ခာပို့တာ၊ လက်နက်ပို့တာကို လေကြောင်းကိုပဲ အသုံးပြုရတယ်။ အခုတော့ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ မဟာမုနိနဲ့ မြောက်ဦးကြားမှာ လင်းမြွေတောင်တပ်စခန်းပဲ ကျန်တာဆိုတော့ လင်းမြွေတောင် တပ်သားတွေလည်း AA ဆီမှာ လက်နက်ချ အလင်းဝင်ကြမလား၊ ပြန်တိုက်မလား မသိဘူး” ဟု ပြောသည်။

လေးမြို့မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ပန်းမြောင်းဒေသကို ဒုက္ခပေးနေသော ပန်းမြောင်းရွာထဲရှိ အောင်မင်္ဂလာတောင်၌ တပ်စွဲနေသော စစ်ကောင်စီတပ်စခန်းမှာလည်း ပြီးခဲ့သည့် လအတွင်းက စခန်းစွန့်ခွာ တပ်ဆုတ်သွားပြီဖြစ်သည်။

မြောက်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများမှာ မြို့ထဲရှိ စစ်ကောင်စီတပ်ရင်းများသို့ စခန်းစွန့်ခွာ ပူးပေါင်းသွားကြပြီး မြောက်ဦးတွင် အမှတ် ၃၁ ရဲတပ်ရင်း၊ ၃၇၇ တပ်ရင်း၊ ၃၇၈ တပ်ရင်း၊ ၅၄၀ တပ်ရင်းနှင့် လင်းမြွေတောင် တပ်စခန်းသာ ကျန်ရှိတော့သည်။

စခန်းစွန့်ခွာခြင်းနှင့် လက်နက်ချအညံ့ခံခြင်းမရှိသော မြောက်ဦးမြို့အနီး မြောင်းဘွေ ရဲ၊ စစ်ပူးပေါင်းစခန်းကို AA မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီ စစ်စခန်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ရဲစခန်း၊ ရဲတပ်ရင်းများအနေဖြင့် အသက်မဆုံးရှုံးလိုပါက အချိန်မီ လက်နက်ချ အလင်းဝင်ကြရန် AA မှ သတိပေး တိုက်တွန်းထားသည်။

လက်နက်ချခြင်းမရှိသော ပလက်ဝဒေသနှင့် ရခိုင်ပြည်အတွင်းက စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့များအားလုံးကို တစ်ခုမကျန် တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ညီနောင်မဟာမိတ် ထုတ်ပြန်ချက်ထဲတွင် AA မှ သတိပေးကြေညာထားသည်။

ပုံစာ-မြောက်ဦး သင်းကျိတ်တော်တောင်မှ စစ်ကောင်စီတပ်သားများအားတွေ့ရစဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *