ဒကစ ပေးလိုက်တဲ့သာဓက

လောက်ကိုင် ဒကစ တွင် သမိုင်းသစ် ရေးထိုးပေးလိုက်သည့် မင်းအောင်လှိုင်နှင့် လက်နက်ချတာ လက်ယဥ်နေပြီဖြစ်သည့် သူ၏တပ်သားများ

By လမ်းသစ်

မကြာခဏ အာဏာသိမ်းတတ်တဲ့ မြန်မာစစ်တပ်ရဲ့ သမိုင်းတစ်လျှောက်မှာ အကြီးအကျယ် ရှုံးနိမ့်မှုအဖြစ် လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ကို လက်လွှတ်လိုက်ရပါတယ်။

အင်အားထောင်ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကိုးကန့်တပ်ဖွဲ့ MNDAA ထံ အညံ့ခံပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ရက်၊ လွတ်လပ်ရေးနေ့မှာ လွတ်လွတ်လပ်လပ် လိုရာသွားခွင့်ပေးဖို့ ညှိနှိုင်းခဲ့ကြတာပါ။ လက်နက်တွေကို MNDAA ထံအပ်၊ ထရပ်ကားတွေ အသီးသီးနဲ့ သူတို့ရဲ့ ဌာနချုပ်ကို စွန့်ခွာသွားခဲ့ကြပါတယ်။

ဒါဟာ မြန်မာစစ်တပ်သမိုင်းတစ်လျှောက် ပထမဆုံး အစုလိုက်အပြုံလိုက် လက်နက်ချတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ပဲ ဖြစ်ပါတယ်။

ခုခံစစ်အတွက် ပြင်ဆင်ထားခဲ့ကြတဲ့ သံချပ်ကာ တင့်ကားတွေ၊ ၁၂ဝ မမ၊ ၁ဝ၅ မမ၊ ဟောင်ဝစ်ဇာ အမြောက်တွေ၊ အတွဲလိုက်ဒုံးပစ်ကားတွေနဲ့ လက်နက်ခဲယမ်းတွေကို MNDAA က သိမ်းပိုက်ရရှိခဲ့ပါတယ်။

လောက်ကိုင် (ဒကစ) လက်နက်ချပြီး နောက်တစ်ရက်မှာ အဲ့ဒီပတ်ဝန်းကျင်က တပ်ရင်းစခန်းအားလုံးလည်း အညံ့ခံခဲ့ကြပါတယ်။

“ငါမသေ ငါ့စခန်းမကျစေရ” ဆိုပြီး ဌာနချုပ်ကို စွန့်ခွာသွားတဲ့ တပ်သား ၂၁ဝဝ ကျော်နဲ့အတူ သူတို့ရဲ့ မိသားစုဝင်တွေ ၁၆ဝဝ ကျော်လည်း ပါဝင်ခဲ့ပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အောက်မှာရှိတဲ့ လောက်ကိုင် ဒကစဟာ ရှမ်းမြောက်တစ်ကြောက ဝေးလံဒေသတွေရဲ့ စစ်ရေးကိစ္စတွေကို တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူပေးရတာဖြစ်ပါတယ်။

တရုတ်နယ်စပ်မှာ တည်ရှိတာကြောင့် မဟာဗျူဟာအရ အရေးပါတဲ့ ဌာနချုပ်ဖြစ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာချုပ်မှူး အဖြစ် တာဝန်ယူထားသူက ဗိုလ်မှူးချုပ် မိုးကျော်သူ ဖြစ်ပါတယ်။

လောက်ကိုင် ဒကစမှူး မိုးကျော်သူဟာ အရင်က ကချင် (တနိုင်း-ဒကစ)မှာ ဒကစမှူး တာဝန်ယူခဲ့ပြီး ၁ဝ၂၇ စစ်ဆင်ရေးမတိုင်ခင် ၂ဝ၂၃ ဇူလိုင်လကမှ လောက်ကိုင်ကို ပြောင်းလာခဲ့တာပါ။ သူက ကိုးကန့်ဒေသမှာ ရာထူးအကြီးဆုံး စစ်ကောင်စီ အရာရှိဖြစ်ပါတယ်။

လက်နက်ချတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဓာတ်ပုံတွေထဲမှာ မျက်ကွင်းညိုညိုနဲ့ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် ဓာတ်ပုံတွေကိုလည်း သတိထားမိကြမှာပါ။ သူကတော့ ကိုးကန့်စစ်ကောင်စီအဖွဲ့ ဥက္ကဌ ရာထူးယူခဲ့သူ ကြံ့ခိုင်ရေးအမတ် ဦးမြင့်ဆွေ ဖြုတ်ချခံရပြီးတဲ့နောက် ယာယီဥက္ကဌအဖြစ် ရောက်လာခဲ့သူပါ။

ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်က ရှမ်းမြောက်စစ်ပွဲတွေကို ကြီးကြပ်ရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အရာရှိတစ်ယောက် ဖြစ်ပြီး လောက်ကိုင် ဒကစမှာ ဒုတိယအကြီးဆုံး အရာရှိ ဖြစ်ပါတယ်။

လောက်ကိုင် ဒကစ လက်နက်ချအညံ့ခံမှုမှာ ဗိုလ်မှူးချုပ် မိုးကျော်သူနဲ့ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ၆ယောက် ပါဝင်ခဲ့ပါတယ်။ ဗိုလ်မှူးချုပ် ၆ယောက်အထိ ပါဝင်ကွပ်ကဲနေတဲ့ တပ်တစ်ခုလုံး လက်နက်ချတယ်ဆိုတာဟာ မကြုံစဖူးပါပဲ။

ဒီဗိုလ်မှူးချုပ် ၆ယောက်ကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာခေါ်ပြီး လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဆီ ခေါ်သွားခဲ့ပါတယ်။ နောက်တစ်နေ့မှာ နေပြည်တော်ကို ဆက်ခေါ်သွားခဲ့ပြီး အခုတော့ သူတို့ကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ တာဝန်မကျေပွန်မှု အပါအဝင် စစ်ဥပဒေတွေနဲ့ အရေးယူဖို့ ရှိနေတယ်လို့ သိရပါတယ်။

လောက်ကိုင် ဒကစ ညှိနှိုင်းဆုတ်ခွာမှုကို တိုင်းစစ်ဌာနချုပ်က ခွင့်ပြုပေးခဲ့တယ်လို့ ကနဦး သိခဲ့ရပေမယ့် နောက်ပိုင်းမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေသခံတပ်မှူးတွေအနေနဲ့ အကောင်းဆုံးစဉ်းစား ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အထက်က အမိန့်ပေးတာ မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆုတ်ခွာလာတယ်လို့ သူကဆိုလိုချင်တာ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် ၆ယောက်ဟာ လက်နက်ချအပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တစ်ဝိုင်းထဲ အရက်ထိုင်သောက်နေခဲ့ကြတဲ့ ဓာတ်ပုံတွေကို မြင်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် ဒေါသူပုန်ထခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ တရုတ်နိုင်ငံဘက်ကို ကျည်မကျရောက်ရေးနဲ့ တပ်မိသားစုတွေရဲ့ လုံခြုံရေးအတွက် လောက်ကိုင်မှာ လက်နက်ချခဲ့ကြတယ်လို့လည်း ပြောထားပါတယ်။

၂ဝ၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လောက်ကိုင် တိုက်ပွဲတုန်းကလည်း မြန်မာလေတပ်က တရုတ်ဘက်ကို ဗုံးကြဲချမိတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေ လျော်ကြေးပေးပြီး တောင်းပန်ခဲ့ရဖူးပါတယ်။

မြန်မာစစ်တပ် အခုလို အင်အားအလုံးအရင်းနဲ့ လက်နက်ချမှုဖြစ်စဉ် ကြုံတွေ့ရတာဟာ တောက်လျှောက်ချမှတ်လာခဲ့တဲ့ မဟာဗျူဟာ အမှားတွေနဲ့ စိတ်ဓတ်ပျက်ပြားလာနေပြီဖြစ်တဲ့ စစ်ကောင်စီတပ်သားတွေက အဓိကကျတယ်လို့ စစ်ရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။

လောက်ကိုင်ဒေသဟာ ရှမ်းပြည်မြောက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်မျဉ်းနားမှာ တည်ရှိပါတယ်။ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းခွဲကျော်ရှိပြီး အများစုက ကိုးကန့်လူမျိုးတွေပဲ ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားပြီးတဲ့နောက်ပိုင်း ဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA အဖွဲ့ဟာ ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့ကြပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ စစ်အစိုးရက သူတို့အဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းဖို့ ဖိအားပေးရာကနေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီကစလို့ MNDAA အနေနဲ့ ကိုးကန့်ဒေသကို လက်လွှတ်ခဲ့ရပြီး ခေါင်းဆောင် ဖုန်ကြားရှင်လည်း တရုတ်ပြည်ဘက်ကို တိမ်းရှောင်ခဲ့ရပါတယ်။

ကိုးကန့်တပ် MNDAA အနေနဲ့ ၂ဝ၁၅ ခုနှစ်မှာ ကိုးကန့်ဒေသကို ပြန်သိမ်းယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီတစ်ကြိမ်မြောက်တော့ တော်လှန်ရေးတပ်ပေါင်းစုကြီးနဲ့ နိုင်ငံအနှံ့ စစ်ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ဟာ ခုခံတိုက်ခိုက်ဖို့ ဘယ်လိုမှ မစွမ်းသာတော့ပါဘူး။

MNDAA အနေနဲ့ လောက်ကိုင်မြို့သိမ်းတိုက်ပွဲ စတင်မယ်လို့ နိုဝင်ဘာ ၁၄ရက်မှာ ကြေညာထားတဲ့နောက်ပိုင်း လောက်ကိုင်မြို့မှာ ဒကစ လက်အောက်ခံတပ်ရင်းတွေ၊ တခြားစစ်ကူတွေနဲ့ ပြည်သူ့စစ်တွေ လာရောက်ပူးပေါင်းပြီး ထောင်ချီတဲ့ အင်အားနဲ့ ခံစစ်အမာခံ ပြင်ဆင်ထားခဲ့ကြတာပါ။

MNDAA နဲ့ မဟာမိတ်အဖွဲ့တွေဟာ လောက်ကိုင် ပတ်ပတ်လည်က မြို့၊ ရွာနဲ့ စစ်စခန်းတွေကို တဖြည်းဖြည်း သိမ်းပိုက်လာခဲ့ပြီး လောက်ကိုင်ကို ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။

လောက်ကိုင်မြို့ကို သိမ်းပိုက်နိုင်ရေး ရက်ပေါင်း ၇ဝ ကြာမြင့်ချိန်မှာတော့ လောက်ကိုင် (ဒကစ) တပ်ဖွဲ့ဝင်တွေ အညံ့ခံလိုက်ကြတာ ဖြစ်ပါတယ်။

ကိုးကန့်တပ် MNDAA ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်လွှတ်ထားခဲ့ရတဲ့ သူတို့ရဲ့ ကိုးကန့်ဒေသ တစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီလို့ ကြေညာထားပြီး ကိုးကန့်ဒေသမှာ စစ်ကောင်စီတပ်တွေ လုံးဝမရှိတော့ဘူးလို့ ပြောပါတယ်။

၁ဝ၂၇ စစ်ဆင်ရေး ရက်ပေါင်း ၇ဝ ကျော်အတွင်း လက်နက်ချတဲ့ စစ်ကောင်စီအဖွဲ့ဝင် အရေအတွက် ၄,ဝဝဝ နီးပါးရှိပြီလို့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့ ပါဝင်ကြတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အာဏာသိမ်း အကြမ်ဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်နက်ချတာ လက်ယဥ်နေပြီဖြစ်တဲ့ သူရဲ့တပ်သားတွေနဲ့အတူ လောက်ကိုင် ဒကစမှာ မြန်မာစစ်တပ်အတွက် သမိုင်းသစ် ရေးထိုးခဲ့ပြီလို ဆိုနိုင်ပြီပဲ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *