အံမယ် သူတို့မရှိမှအေးချမ်းမှာကို ဖြဲခြောက်နေသေး

အရာတော် နောင်ကြီးအိုင်ရဲစခန်းကနေ ထွက်ပြေးတဲ့ စစ်အုပ်စုက ပြည်သူကို စာပို့ ခြိမ်းခြောက်
လွိုင်ကော်နဲ့ ကောလင်းမြို့ကို ကြည့်ထားဖို့နဲ့ ရွာကို ဖျက်ဆီးမယ့် သဘောမျိုး ခြိမ်းခြောက်ထား

ဇန်နဝါရီ – ၁၀

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မြောက်ပိုင်း နောင်ကြီးအိုင်ရွာ ရဲစခန်းမှာ ဆက်မနေရဲတော့ဘဲ ထွက်ပြေးသွားတဲ့ စစ်အုပ်စုက ပြည်သူတွေကို စာပို့ကာ ရွာကို လာဖျက်ဆီးမယ့်သဘော ခြိမ်းခြောက်နေတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၀)ရက်က နောင်ကြီးအိုင် ရံစခန်းထဲကနေ ထွက်ပြေးသွားတဲ့ စစ်အုပ်စုဟာ အရာတော်မြို့ပေါ်က စစ်အုပ်စု စခန်းနဲ့ တပ်ရင်းတွေမှာ ပူးပေါင်း အထိုင်ချနေပြီး မနေ့က ဇန်နဝါရီ(၉)ရက်မှာ အရာတော်မြို့ဘက် စျေးလာဝယ်တဲ့ ပြည်သူတွေကို ခြိမ်းခြောက်စာတွေ ပေးပို့လိုက်တာလို့ ဆိုပါတယ်။

စစ်အုပ်စုက ပေးပို့လိုက်တဲ့ စာထဲမှာ ရဲစခန်း ရုတ်သိမ်းလိုက်ရပေမယ့် မကြာခင် စစ်ကြောင်းတွေ ဝင်လာမှာ ဖြစ်ကြောင်း၊ လွိုင်ကော်နဲ့ ကောလင်းမြို့တွေကို နမူနာအဖြစ် ကြည့်ထားကြဖို့နဲ့ နောင်ကြီးအိုင်ရွာကိုလည်း ဖျက်ဆီးမယ့် သဘောမျိုး ရေးသားထားတယ်လို့ ဆိုပါတယ်။

“သူတို့ စခန်း မရှိတော့ သူတို့ သြဇာအာဏာ မသက်ရောက်ဘဲ PDF တွေ သြဇာအာဏာ သက်ရောက်မှာ စိုးလို စာရွက်ဖြန့် ဝါဒဖြန့်တဲ့ သဘောဖြစ်မယ်” လို့ ဒေသခံ တစ်ဦးက သုံးသပ်ပါတယ်။

အရာတော်နယ် နောင်ကြီးအိုင် ရဲစခန်းမှာ စစ်အုပ်စု အင်အား(၃၀)၀န်းကျင် ရှိခဲ့ပြီး တော်လှန်ရေး တပ်တွေက အဲ့ဒီ ရဲစခန်းထဲက စစ်အုပ်စုကို ရိက္ခာဖြတ်တောက် ပိတ်ဆို့တာ၊ တိုက်ခိုက်တာတွေ လုပ်လို့ စစ်အုပ်စု ရိက္ခာပြတ်ပြီး ငတ်လာချိန် အလင်းဝင်ဖို့ ချိတ်ဆက်တာတွေပါ ရှိခဲ့ကြောင်းနဲ့ ရိက္ခာပြတ်ပြီး ငတ်နေချိန်က အလင်းဝင်ဖို့ ချတ်ဆက်ဖူးတဲ့ စစ်အုပ်စုက လက်ရှိမှာ အရာတော်မြို့ပေါ် ပြန်ရောက်သွားပြီးနောက် အခုလို ပြည်သူကို စာပို့ ခြိမ်းခြောက်နေတာလို့ ဒေသခံ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။

အဲ့ဒီ ရိက္ခာပြတ်ပြီး ငတ်နေတဲ့ နောင်ကြီးအိုင်ရဲစခန်းထဲက စစ်အုပ်စုကို ဒီဇင်ဘာလအတွင်း အရာတော်ကနေ စစ်ကြောင်းတစ်ကြောင်း ဝင်လာကာ ပြန်ခေါ်ထုတ်သွားတာလို့ ဆိုပါတယ်။

နောင်ကြီးရဲစခန်းကနေ စစ်အုပ်စု ထွက်ပြေးချိန်ကလည်း ဒေသခံပြည်သူ (၁၀)ဦးကျော်ကို ဖမ်းခေါ်သွားပြီး တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲမှာ အဲ့ဒီ ဖမ်းခေါ်လာတဲ့ ပြည်သူတွေကို လူသားဒိုင်းကာ အဖြစ် အသုံးချလို့ ပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ နောင်ကြီးအိုင် ရဲစခန်း မရှိတော့တဲ့အတွက် အရာတော်နယ် မြောက်လက်မှာ စစ်အုပ်စု ခြေကုပ်စခန်း မရှိတော့ဘူး လို့လည်း ဒေသခံတွေက ပြောပါတယ်။

ညီနောင်သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် အရာတော်နယ် အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ် အများအပြားမှာ စစ်အုပ်စုတွေ စစ်ကြောင်းထိုးတာ၊ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ အကြမ်းဖက်တာတွေ မလုပ်နိုင်တော့သလောက် ဖြစ်သွားတယ်လို့ စစ်ကိုင်းတိုင်းက တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ ခြိမ်းခြောက်စာနဲ့ စစ်အုပ်စု စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် တွေ့ရတဲ့ အရာတော် နောင်ကြီးအိုင်ရွာ ရဲစခန်း/Photo – ပေးပို့

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *