လက်ရှိ ရှမ်းမြောက် အနေအထားကို BBC က အခုလို ပုံဖော်ထားတယ်

လက်ရှိ ရှမ်းမြောက် အနေအထားကို BBC က အခုလို ပုံဖော်ထားတယ်။ ဒီမြေပုံမှာ မပါတဲ့ မကျသေးတဲ့ နမ့်ဖက်ကာတို့ ဘာတို့တော့ ရှိသေးပေမယ့် လက်ရှိက ခြံထဲကကြက် သာသာပဲ ရှိတော့လို့ သိပ်ထည့်တွက် စရာတော့ မလိုတော့ပါဘူး။ မူဆယ်ကလည်း မြင်တဲ့အတိုင်း ပတ်ချာလည် ဝိုင်းမိထားပြီ ဆိုတော့ အရင်းချိုင်လိုက်ရင် အဖျားက ထင်းဖြစ် သွားမှာပါပဲ။ အရင်းဆိုတဲ့ လားရှိုးကို တစ်ချက်ကြည့်ရင် အရင်က လောက်ကိုင်ကို ဝိုင်းသလို ဂဏန်းလက်မ ပုံစံ ဝိုင်းခံထားရတာ တွေ့ပါလိမ့်မယ်။ မိုင်းရယ်တို့၊ တန့်ယန်းတို့ ဘက်မှာလည်း တိုက်ပွဲသတင်း သိပ်မကြားပေမယ့် အမြောက်နဲ့ ရမ်းထုတာ၊ လေယာဉ်နဲ့ လာကျဲ သွားတာတွေ ရှိခဲ့တယ်။ ဒါကြောင့် မဟာမိတ် တပ်တွေ စိမ့်ဝင် ထားပြီးသားလို့ ယူဆတယ်။ လတ်တလောတော့ စစ်ကောင်စီက လားရှိုးမှာ ခံစစ်ကို အကြီးအကျယ် ပြင်နေတယ်။စစ်ရဲ့ သဘောတရားအ​ရ ခံစစ်နဲ့ ကစားရတဲ့ သူဟာ စိတ်ဓာတ်ရေးရာ တဆင့် နိမ့်သလို တန်ပြန် တိုက်စစ် မဆင်နိုင်ရင် ရှုံးဖို့က ရာခိုင်နှုန်း ပိုများတယ်။ တစ်ချိန်တုန်းက မဲသဝေါတို့၊ မာနယ်ပလောတို့ စသဖြင့် EAOs တွေရဲ့ အခိုင်အမာ စခန်းကြီးတွေဟာ ခံစစ်ကို အကျအန ပြင်ထား ခဲ့ပေမယ့် နောက်ဆုံးမှာ တောင့်မခံနိုင်ဘဲ လက်လွှတ် ခဲ့ရတာပါပဲ။ တိုက်စစ်က တကယ် ဖိဖိစီးစီး တိုက်ရင် ဒီခံစစ်ကို ဘယ်လို ဖြိုရမလဲ ဆိုတဲ့နည်းလမ်းကို တစ်ချိန်မဟုတ် တစ်ချိန်မှာ သိသွားတာပဲ။အဲဒီတုန်းကတော့ စစ်တပ်ဟာ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေကို ပစ်မှတ် တစ်ခုတည်း တစ်ချိန်တည်း စုပြုံ ကျရောက်စေတဲ့ နည်းကို သုံးခဲ့တယ်။ အခု သမိုင်းဘီး တစ်ပတ် ပြန်လည် ချိန်မှာ စစ်တပ်ရဲ့ အခိုင်အမာ စခန်းကြီးတွေ အဲဒီနည်းနဲ့ ပြန်သိမ်းခံ နေရတယ်။ အခုကတော့ အမြောက်တော့ မဟုတ်ဘူး။ နည်းပညာ ပိုမြင့်သွားပြီ။ ပစ်မှတ်တစ်ခုတည်းကို ဒရုန်းပေါင်း များစွာနဲ့ တပြိုင်တည်း တိုက်ခိုက်တဲ့ နည်းကို အသုံးပြုပြီး မဟာမိတ် တပ်တွေဟာ စခန်းတွေ တစ်ခုပြီး တစ်ခု သိမ်းခဲ့တာ ဖြစ်တယ်။ နောက်ထပ် ဝှက်ဖဲ တစ်ချပ်က စစ်ကောင်စီ ထံက သိမ်းထားတဲ့ မြောက်မြားစွာသော အတွဲလိုက် ဒုံးပစ်ကား MLRS တွေ၊ သံချပ်ကာ ကားတွေ၊ ဟောင်ဝစ်ဇာနဲ့ လေယာဉ်ပစ်တွေကို မဟာမိတ်တွေ အခုချိန်ထိ ထုတ်မသုံး သေးတာ တွေ့ရတယ်။ ဒီလက်နက်တွေက ရွေ့လျားနေတဲ့ ပစ်မှတ်တွေကို ချေမှုန်းရာမှာ သိပ်ပြီး အစွမ်းမပြ နိုင်ခဲ့ပေမယ့် အထိုင်စခန်းတွေ ချေမှုန်းရင်တော့ အရမ်းကို အသုံးဝင်တဲ့ လက်နက်တွေပဲ ဖြစ်တယ်။ ဘယ်အတွက် ရည်ရွယ်ပြီး သိမ်းထားတယ် ဆိုတာကတော့ သူတို့ပဲ သိလိမ့်မယ်။ အချုပ် ပြောရရင် လားရှိုးက တကယ် ဖိဖိစီးစီး တိုက်ခံရရင် ကျမှာပါပဲ။ သူတို့မှာ လူအင်အား ဘယ်လောက် ကောင်းကောင်း အများစုက စခန်းကျပြီး ပြေးလာရတဲ့ ကြောက်ကျွဲတွေ ဖြစ်နေတယ်။ လူအင်အား မလုံလောက်လို့ စခန်းစွန့်ပြေးတဲ့ သူတွေကို အရေးမယူ နိုင်တာကလည်း နောက်တစ်ကြိမ် ထပ်ပြေးဖို့ တံခါးဖွင့်ပေး ထားသလိုပဲ။ ဒါပေမယ့် မဟာမိတ်တွေက လားရှိုးကို အရင် ဝင်မဆောင့်ဘဲ အမာရှောင်ပြီး အင်အား နည်းနေတဲ့ မြို့တွေအရင် ပတ်သိမ်း တာလည်း လုပ်ရင် လုပ်နိုင်တယ်။ ဘယ်သူမှ ထင်မထားတဲ့ မြို့တွေကို အငိုက်ဝင်စီးပြီး သိမ်းပိုက်တာတွေလည်း ရှိနိုင်တယ်။ စစ်မှာ သေချာတယ် ဆိုတာ ဘာမှ မရှိဘူးလေ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *