စစ်ကောင်စီအတွက် သင်္ကန်းချွတ်ပြီး ဂန်းကိုင်ရန် အသင့်ဟု မဘသဘုန်းကြီးများကြေညာ

အထိနာနေသော စစ်ကောင်စီတပ်နှင့် လက်တွဲမည်၊ မြောက်ပိုင်းမဟာမိတ်တပ်များကို တိုက်ခိုက်ရန် အသင့်ရှိသည်ဟု မဘသ ဘုန်းကြီးများက ဆိုသည်။

 Myanmar NowJanuary 12, 2024

 လားရှိုးမြို့တွင် ဇန်နဝါရီ ၁၁ ရက်နေ့က တွေ့ရသည့် MNDAA ကန့်ကွက်ပွဲ။ (ဓာတ်ပုံ – စစ်ကောင်စီ)

အင်အားချည့်နဲ့လာသည့် စစ်ကောင်စီနှင့်အတူ သင်္ကန်းချွတ်ပြီး သေနတ်ကိုင်ကာ မြောက်ပိုင်းမဟာမိတ်တပ်များကို တိုက်ခိုက်ရန် အသင့်ရှိကြောင်း စစ်တပ်ကို အစဉ်တစိုက် ထောက်ခံခဲ့ကြသည့် မဘသဘုန်းကြီးများက ယမန်နေ့က (ဇန်နဝါရီ ၁၁) ကြေညာလိုက်သည်။

စစ်ကောင်စီအတွက် အသက်ပေးမည့် ၎င်းတို့၏အစီအစဉ်ကို ယမန်နေ့က မော်လမြိုင်နှင့် လားရှိုးတို့တွင် ကျင်းပခဲ့သည့် ကိုးကန့်တပ် MNDAA ကို ဆန့်ကျင်ဆန္ဒပြပွဲများတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

MNDAA တပ်ဖွဲ့ဝင်တစ်ဦးက လောက်ကိုင်အနီးမှ စေတီတစ်ဆူကို တူဖြင့် ထုနှက်ဖျက်ဆီးနေခဲ့သည့် ရုပ်သံဖိုင် ဇန်နဝါရီ ၈ ရက်နေ့က ပျံ့နှံ့လာခဲ့ပြီးနောက် ထိုလုပ်ရပ်ကို မဘသဘုန်းကြီးများက ဒေါသထွက်ခဲ့ကြပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် လားရှိုးမြို့တို့တွင် ကန့်ကွက် ဆန္ဒပြနေကြသည်။

ရန်ကုန်မြို့တွင် ဇန်နဝါရီ ၁၀ ရက်နေ့က ပြုလုပ်သည့် MNDAA ကန့်ကွက်ပွဲ။

ရဟန်းအနည်းငယ်နှင့် လူ ၁၀၀ ခန့်ပါဝင်သည့် ဇန်နဝါရီ ၁၁ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် ကျင်းပခဲ့သည့် MNDAA ဆန့်ကျင်ပွဲကို မွန်ပြည်နယ်မျိုးချစ်သမဂ္ဂမှ ဦးပညာသာမိက ဦးဆောင်ခဲ့သည်။ ဆန္ဒပြပွဲတွင် ဦးပညာသာမိက စစ်တပ်ကို ထောက်ခံကြရန်လည်း စည်းရုံးဟောပြောခဲ့သည်။

“…လိုအပ်လာရင် သင်္ကန်းချွတ်ပြီးတော့ ဂန်းကို ကိုင်ဖို့ (လက်နက်ကိုင်ဖို့) အဆင်သင့်ရှိနေတယ်ဆိုတာ ခင်ဗျားတို့အားလုံး အကျယ်ကြီးပြောလိုက်” ဟု ဦးပညာသာမိက လူအုပ်ကို အော်ဟစ်ပြောဆိုခဲ့သည်။

၂၀၂၃ နိုဝင်ဘာ ၁၇ ရက်နေ့က မော်လမြိုင်တွင် ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲတွင် ဦးပညာသာမိ ဟောပြောနေစဉ်။

ထိုသဘောထားသည် ကရင်၊ မွန်၊ ရန်ကုန်နှင့် မန္တလေးတို့မှ မျိုးချစ်ရဟန်းတော်များသမဂ္ဂများ၏ သဘောထားဖြစ်ပြီး ၎င်းတို့အင်အားသည် ၂ သိန်းကျော်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

“လိုအပ်လာရင် သင်္ကန်းချွတ် လက်နက်ကိုင်စွဲပြီး မြန်မာ့တပ်မတော်နဲ့အတူ နိုင်ငံအချုပ်အခြာအာဏာ ဖဲ့ထုတ်ဖို့အရေးကို ခွင့်မပြုဖို့ တွန်းလှန်တိုက်ခိုက်ချေမှုန်းဖို့အတွက် အမြဲအသင့်ရှိနေတယ်ဆိုတာ နိုင်ငံတော်ကို တင်ပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်” ဟုလည်း ၎င်းက ဟောပြောသည်။

မည်သည့်အချိန်က တောင်းဆိုပြီး မည်သို့ တုံ့ပြန်ချက်ရရှိထားသည်ကိုမူ သူက ထည့်ပြောမသွားပေ။

ဇော်ပျံဆရာတော်ဟုလည်း ခေါ်ကြသည့် သက်တော် ၄၃ နှစ်အရွယ် ဦးပညာသာမိသည် စစ်တပ်ကို အစဉ်တစိုက် ထောက်ခံခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၇ ရက်နေ့က မော်လမြိုင်တွင် ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲ၊ ညီနောင်သုံးဖော် အစပြုသည့် ၁၀၂၇ စစ်ဆင်ရေး ကန့်ကွက်ပွဲတို့ကိုလည်း ဦးဆောင်ခဲ့သည်။

“မြောက်သုံးကောင်အဖွဲ့ကို တစ်ခါတည်းပဲ ရာဇသံပေးပြီး တစ်ခါတည်း စိန်ခေါ်လိုက်ချင်တယ်” ဟု ဦးပညာသာမိက ဆန္ဒပြပွဲအပြီးတွင် မြန်မာနေရှင်နယ်ပို့စ် အွန်လိုင်းသတင်းဌာနကို ပြောကြားခဲ့သည်။

ထိုသတင်းဌာနကို တည်ထောင်ထားသော နောင်တော်လေး ဆိုသူသည် မဘသ၊ စစ်ကောင်စီတို့နှင့် နီးစပ်ပြီး နေပြည်တော်တွင် ကျင်းပသည့် တရုတ်ဆန့်ကျင်ရေးနှင့် ၁၀၂၇ စစ်ဆင်ရေး ကန့်ကွက်ပွဲများကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

နောင်တော်လေးသည် NLD အစိုးရလက်ထက်တွင် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဦးဆောင်သူဖြစ်ပြီး ၂၀၁၇ အတွင်းက အမေရိကန်သံရုံးရှေ့တွင် ရိုဟင်ဂျာအလိုမရှိကြောင်း ခွင့်ပြုချက်မဲ့ ဆန္ဒပြသဖြင့် ထောင် ၆ လ ကျခံခဲ့ရသူလည်းဖြစ်သည်။

လာမည့်ရက်ပိုင်းအတွင်းတွင် နောင်တော်လေးဦးဆောင်မှုဖြင့် MNDAA ဆန့်ကျင်ဆန္ဒပြပွဲများကို နေပြည်တော်တွင် ကျင်းပရန်လည်း စီစဉ်နေသည်ဟု သိရသည်။

ညီနောင်သုံးဖွဲ့ ထိုးစစ်ဆင်တော့မည်ဟု သတင်းများထွက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း  အလားတူ MNDAA ဆန့်ကျင်ဆန္ဒပြပွဲများကို မဘသများက ယမန်နေ့ (ဇန်နဝါရီ ၁၁) တွင် ဦးဆောင်ခဲ့ပြီး ၎င်းတို့သည်လည်း စစ်ကောင်စီနှင့် ပေါင်းကာ တိုက်မည်ဟု ကြေညာခဲ့သည်။

“လိုအပ်လာရင် တပ်မတော်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ဖို့လည်း ဆရာတော်က မိန့်ကြားခဲ့ပါတယ်” ဟု အမည်ဖော်ပြမထားသည့် လားရှိုးမှ မဘသဘုန်းကြီးတစ်ဦးက မြန်မာနေရှင်နယ်ပို့စ် သတင်းဌာနနှင့် တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားသည်။

လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် ကျင်းပခဲ့သည့် ထိုဆန္ဒပြပွဲသည် စစ်ကောင်စီက ၎င်းတို့နှင့်ပတ်သက်သူများ၊ ဝန်ထမ်းများကို အတင်းအဓမ္မ ခေါ်ဆောင်ပြီး စုဝေးခိုင်းခြင်းဖြစ်ကြောင်း မြို့ခံများကို ကိုးကားပြီး ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ရေးသားသည်။

ထိုရေးသားချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ သတင်းစာများ၊ အွန်လိုင်းစာမျက်နှာများတွင် ထိုဆန္ဒပြပွဲသတင်းကို ထည့်သွင်းထားသလို နိုင်ငံတော်အလံ၊ သာသနာ့အလံ၊ ကြွေးကြော်သံစာရွက် ကိုင်ဆောင်ထားကြသူတို့ စုဝေးနေပုံကိုလည်း သတင်းတွင် ပူးတွဲ ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ စစ်သင်တန်းတစ်ခုတွင် တွေ့ရသည့် ဝါသဝနှင့် ပျူစောထီးများ။ ဓာတ်ပုံ – အညာသားလေး

မဘသဘုန်းကြီးများအနက် ဦးဝါသဝဆိုသူက မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့တွင် လှုပ်ရှားနေပြီး ပျူစောထီးပြည်သူ့စစ်အဖွဲ့များကို ဦးဆောင်ဖွဲ့စည်းပေးနေသည်။

ဦးဝါသဝသည် စစ်ကောင်စီအတွက် လူသစ်စုပေးခြင်း၊ ပျူစောထီးများကို စစ်သင်တန်းပေးခြင်းတို့ကို ပြုလုပ်ပေးနေပြီး စစ်ကောင်စီအတွက် အားထားရသည့် သင်္ကန်းဝတ်တစ်ဦး ဖြစ်လာသည်။

စစ်တပ်သည် ၂၀၂၁ တွင် အာဏာသိမ်းပြီး ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်သဖြင့် ခုခံမှုများ ပေါ်ပေါက်လာရာ နိုင်ငံအနှံ့ တပ်ဖြန့်ထားရသည်။ တိုက်ပွဲများ ၃ နှစ်ပြည့်ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စုစည်းထိုးစစ်ဆင်သဖြင့် စစ်ကောင်စီတပ်များ စခန်းတစ်ခုပြီးတစ်ခု ဆုတ်ခွာပေးနေရသလို တပ်ရင်းလိုက် လက်နက်ချမှုတချို့ပင် ပေါ်ပေါက်လာသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *