သူ့စရိတ်နဲ့သူသွားတော့ ကျည်သက်သာတာပေါ့

မြစ်ငယ်မြို့ အပါအဝင် မန္တလေးက သောင်းချီတဲ့ နေအိမ်တွေ ဖျက်ဆီးရာမှာ ဦးဆောင်ခဲ့တဲ့ မန္တလေးစည်ပင် ကျူးရှင်းအဖွဲ့ ခေါင်းဆောင် သေဆုံး

ဇန်နဝါရီ – ၁၉

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ အပါအဝင် မန္တလေးမြို့ပေါ်က သောင်းချီတဲ့ နေအိမ်တွေကို အာဏာသိမ်း စစ်အုပ်စု အလိုကျ ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဖျက်ဆီးရာမှာ ဦးဆောင်ခဲ့တဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ကျူးကျော်ရှင်းလင်းရေး အဖွဲ့ခေါင်းဆောင် ကျော်လင်းငြိမ်း ဆိုသူ ဇန်နဝါရီ(၁၄)ရက်က ဦးနှောက်သွေးကြောပြတ် သေဆုံးတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အသက်(၅၀)ဝန်းကျင်အရွယ် ကျော်လင်းငြိမ်းဟာ စစ်ဗိုလ်ဟောင်းပြီး မိုးကျရွှေကိုယ်အဖြစ်နဲ့ မန္တလေးစည်ပင်မှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ကာ စည်ပင်ရုံးခန်းထဲမှာပဲ သေနေတာလို့ နီးစပ်သူတွေက ပြောပါတယ်။

“အလောင်းကို စစ်ဆေးရုံမှာ ရင်ခွဲစစ်ဆေးတော့ ဦးနှောက်သွေးကြော ပြတ်တာနဲ့ နှလုံးသွေးကြော ပိတ်တာ တစ်ခုခု ပဲတဲ့။ သူက အရက်တော့ တအား သောက်တယ်တဲ့။ သူသေနေတာကို ရုံးဆင်းပြီး ညနေ(၆)နာရီလောက်မှ တွေ့တာတဲ့” လို့ နီးစပ်သူက ပြောပါတယ်။

သေဆုံးသူ ကျော်လင်းငြိမ်း ခေါ် Silver Tiger ဟာ စစ်အာဏာသိမ်းစက မန္တလေးစည်ပင်၊ စီမံဌာနမှာ ဌာနစုမှူးအဆင့်နဲ့ လုပ်ကိုင်ခဲ့ပြီး ကျူးကျော်ရှင်းလင်းရေး ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ကြောင်း၊ ပြီးခဲ့တဲ့ လပိုင်းက ရာထူးတိုးကာ မန္တလေးနေ့စဉ် သတင်းစာ ထုတ်ဝေတဲ့ မန္တလေးစည်ပင်၊ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးဌာန၊ ဒု-ဌာနမှူး ဖြစ်လာတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ကျော်လင်းငြိမ်းဟာ မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ရှေ့နေ ဦးကိုနီ သတ်မှုမှာ တရားခံတစ်ယောက်ဖြစ်တဲ့ ဇေယျာဖြိုးတို့နဲ့ စစ်တက္ကသိုဘ် တစ်ပါတ်စဉ်ထဲဆင်း ဖြစ်တယ်လို့လည်း နီးစပ်သူတချို့က ပြောပါတယ်။ ဗိုလ်ချုပ် ကိုကိုဦးဟာ စစ်တက္ကသိုလ် အပါတ်စဉ် (၃၈)ဆင်း ဖြစ်ပါတယ်။

“သူက ကျူးရှင်း(ကျူးကျော်နေအိမ်တွေ ဖျက်ဆီးရှင်းလင်း)တာ နာမည်ကြီးတယ်။ ကျူးရှင်းရာကနေ တော်တော်လည်း ထောသွားတယ်။ အရင် မန္တလေးတိုင်းမှူးနဲ့ ရင်းနှီးမှု ရှိတဲ့အတွက် နာမည်ပျက်ထွက်တာတောင် ထင်တိုင်းကျဲလို့ ရနေတာ။ ဦးစီးအရာရှိတုန်းက စီးပွားရေး မကောင်း၊ ကျူးရှင်းပြီးမှ ပိုက်ဆံ တော်တော် ရသွားတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ ဒု-ဗိုလ်ချုပ်ကြီး အဖြစ် ရာထူးတိုးသွားတဲ့ ဗိုလ်ချုပ်ကိုကိုဦး မန္တလေးမှာ ရှိနေစဉ်က စစ်အုပ်စုရဲ့ ဖမ်းဆီးခံရတဲ့ မန္တလေးက စီးပွားရေး လုပ်ငန်းရှင်တချို့ ပြန်လည်လွတ်မြောက်ဖို့အရေး ကျော်လင်းငြိမ်းထံ ဆက်သွယ် ချဉ်းကပ်ရာတာတွေ ရှိခဲ့တယ်လို့လည်း မြို့ခံတချို့က ပြောပါတယ်။

“အာဏာသိမ်းပြီးမှ စည်ပင်မှာ နေရာ ပိုရလာတာပေါ့။ သူ့ကို သေနတ် ပေးထားတယ်တဲ့၊ တစ်ကြိမ် ပစ်ခတ် ခံရဖူးတယ်။ အရပ်သားတွေဖမ်း၊ နောက်နေ့ အလောင်းပြန်ထုတ်ဆိုတဲ့ ကိစ္စတွေမှာလည်း သူတို့ စနက်တွေ မကင်းဘူးလို့ ယူဆလို့ ရတယ်၊ သူနဲ့ နေဖူးတဲ့ တပည့်တွေ ပြောပြတာကတော့ သူက မန္တလေးတိုင်းမှာ အရက်စက်ဆုံးလို့ ပြောလို့ရတဲ့ ဗိုလ်ချုပ်ကိုကိုဦးနဲ့က တပတ်စဉ်ထဲ၊ ပြန်လွတ်ချင်ရင် သူ့ကို ရာနဲ့ချီ ပေးရတယ်တဲ့၊ စည်ပင်မှာ သေနတ်ကိုင်ရတဲ့ အရာရှိက သူတို့ပဲလေ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း မြို့ပြပြောက်ကျား အဖွဲ့တွေက ကျော်လင်းငြိမ်းကို ပစ်ခတ် ရှင်းလင်းဖို့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘူးလို့ တော်လှန်ရေး အင်အားစုတွေကလည်း ဆိုပါတယ်။

“ဒီကောင်က မန္တလေးမှာ သပိတ်ဖြိုခွင်းဖို့ရော။ နောက်ပိုင်း သွေးသောက် ဘာညာ အဖွဲ့ကို ဖန် (Fund – အထောက်အပံ့) ရှာပေးတာရော အတော်လုပ်တာ။ တိုင်းမှူနဲ့ တစ်ပတ်စဉ်ထဲ ဆိုတော့ လူဖမ်းပြီး ပြန်လွှတ်ဖို့ ဇယားဘာညာလည်း ဒီကောင့် ကပ်ရတာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

“မန်းစည်ပင်က Silver Tiger – ကျော်လင်းငြိမ်း သေသွားပြီ။ ခြေတုတပ်ထားတဲ့ တယောက်လေ။ အမူးလွန်ပြီး သွေးကြော ပြတ်တာတဲ့” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကျော်လင်းငြိမ်းရဲ့ အလောင်းကို မန္တလေးနန်းတွင်းက စစ်ဆေးရုံဆီ သယ်သွားပြီး ဇန်နဝါရီ(၁၆)ရက်က သဲင်္ဂြိုဟ်ရာမှာ စစ်အုပ်စု ဝန်ထမ်းတွေ လိုက်ပါ ပို့ဆောင်ရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ မြစ်ငယ် မီးရထားစက်ရုံက ဝန်ထမ်းအများအပြား CDM ပြုလုပ်ခဲ့ရာ စစ်အုပ်စုက CDM ဝန်ထမ်းတွေကို ဖိနှိပ်ဖို့အရေး မြစ်ငယ်တစ်မြို့လုံးကို ကျူးကျော်ဆိုပြီး ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ မန္တလေးမှာ အားကောင်းနေချိန် မန္တလေးမြို့ပေါ်က သောင်းနဲ့ချီတဲ့ နေအိမ်တွေကိုလည်း ကျူးကျော်အဖြစ် သတ်မှတ်ပြီး စစ်အုပ်စုက ဖျက်ဆီးခဲ့ပါတယ်။

အဲ့ဒီ စစ်အုပ်စုက ကျူးကျော်အဖြစ် သတ်မှတ်တဲ့ နေအိမ်တွေကို မန္တလေးစည်ပင် ဝန်ထမ်းတွေ၊ စစ်သား၊ ရဲနဲ့ ပျူတွေက တာဝန်ယူ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

မန္တလေးမြို့က နေအိမ်တွေကို ကျူးကျော်အဖြစ် သတ်မှတ်ကာ ဖျက်ဆီးနေတဲ့ ကျော်လင်းငြိမ်းနဲ့ စည်ပင်ရဲတွေ/Photo – Kyaw Lin Nyein FB

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *