ဒီသတင်းလေး ဖြန့်ကြနော် ဖွတ်တို့ဘောမတို့ပျော်ရအောင်

ပုသိမ်တွင် တပ်ထောက်ခံသူများအနေဖြင့် ငွေပေး၍ တပ်သားစုဆောင်းရန်နှင့် တပ်သားမစုဆောင်းနိုင်ပါက စစ်သင်တန်းတက်ရမည်

ဧရာဝတီတိုင်းမ်

ဇန်နဝါရီ ၂၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် မြို့တွင်းရပ်ကွက်နေရာအလိုက် ဇန်နဝါရီလ ဒုတိယအပတ်ကစပြီး တပ်ထောက်ခံသူများအား တပ်သားစုဆောင်းခိုင်းကာ တပ်သားမစုဆောင်းနိုင်ပါက ကိုယ်တိုင် စစ်သင်တန်းတက်၍ ရှေ့တန်းထွက်ရန် စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့ရှိ တောင်ပေါ်၊ စံသီရိ၊ရတနာကုန်း၊ရာမည ရပ်ကွက်များအပြင် မြို့ပြင်နေရာဖြစ်သည့် ရေနံမြေနှင့်ရေကြည်ကုန်းစသည့်ရပ်ကွက် အတွင်းရှိ စစ်ကောင်စီတပ်ထောက်ခံသူများအား တပ်သားအသစ် ထပ်မံစုဆောင်းရန်အတွက် မြို့နယ်ကြံခိုင်ရေးပါတီအလုပ်မှုဆောင်အဖွဲ့နှင့် ရပ်ကွက်ပျူစောထီး(ပြည်သူ့စစ်)ခေါင်းဆောင်များအား ပြီးခဲ့သည့်ဇန်နဝါရီလ ၁၇ ရက်နေ့၌ပုသိမ်မြို့အခြေစိုက် ထောက်ပို့တပ် (၄၂၄)ဝန်းအတွင်းတွင် လျို့ဝှက်အစည်းအဝေးခေါ်ယူခဲ့ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များထံကသိရသည်။

“ မြို့တွင်းနဲ့နတခ တပ် အနီးက ရပ်ကွက်တွေရယ်၊မြို့ပြင်က ရပ်ကွက်တွေက ကြံခိုင်ရေးပါတီအလုပ်မှုဆောင်တွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေကို ထောက်ပို့တပ်အတွင်းထဲကို အရင်အစည်းအဝေးခေါ်တယ်။ တပ်အင်အားတွေလျော့နည်းနေတာတွေကို ပြန်ဖြည့်ဖို့ဆွေးနွေးကြတယ်။ သုံးနာရီလောက်ကြာတယ်။ အခု ရပ်ကွက်တွေထဲကို ထောက်ပို့တပ်က တပ်ကြပ်ကြီးအဆင့်ရှိသူတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို တပ်သားစုဆောင်းဖို့လုပ်ခိုင်းနေပြီ”ဟု ထောက်ပို့တပ် (၄၂၄) နှင့်နီးစပ်သည့်တပ်တွင်းသတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အစည်းအဝေးလုပ်ဆောင်ပြီးနောက် ဇန်နဝါရီလ၁၈ရက်နေ့မှစ၍ ထောက်ပို့ရေးတပ် ( ၄၂၄)မှ ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် တပ်ကြပ်ကြီး အဆင့်ရှိသူတစ်ဦးအပါဝင် ပျူစောထီး(ပြည်သူ့စစ်) ခေါင်းဆောင်တချို့မှ ရပ်ကွက်များအတွင်းသို့ စည်းရုံးရေးဆင်းကာ စစ်ကောင်စီတပ်ထောက်ခံသူများအား တပ်သား တစ်ဦးလျှင် ငွေသုံးသိန်းကျပ်ဖြင့် အချိန်တစ်လကြာ တပ်သားစုဆောင်းခိုင်းပြီး မစုဆောင်းနိုင်ပါက ကိုယ်တိုင်အခြေခံစစ်သင်တန်း တက်ရောက်၍ ရှေ့တန်းသို့ပို့ဆောင်ခံရမည်ဟု ဖိအားပေး လုပ်ဆောင်ခိုင်းနေကြောင်း စစ်ကောင်စီတပ် ထောက်ခံအသိုင်းအဝန်းထံကသိရသည်။

“ ထောက်ပို့ တပ် -၄၂၄က စစ်ဗိုလ်နဲ့ တပ်သားတွေရပ်ကွက်ထဲဆင်းလာပြီးတော့ တပ်သားစုဆောင်းခိုင်းဖို့လုပ်ခိုင်းနေတယ်။ တပ်သားတစ်ယောက် ငွေသုံးသိန်းရမယ်။ တစ်လအချိန်ပေးထားတယ်။ တကယ်လို့တပ်သားတစ်ယောက်မှမရရင် ကိုယ်တိုင်စစ်သင်တန်းတက်ပြီး ရှေ့တန်းထွက်ရမယ်ဆိုပြီး ဖိအားပေးခိုင်းနေတာ။ ခက်တာက အခုအနေအထားနဲ့ တပ်သားစုဆောင်းဖို့က ဘယ်လိုမှအဆင်မပြေနိုင်ဘူးဖြစ်နေတယ်”ဟု ပုသိမ်မြို့ခံတပ်ထောက်ခံမိသားစုဝင်တစ်ဦးကဆိုသည်။

ပုသိမ်မြို့နယ်တွင် ပြီးခဲ့သည်ဇန်နဝါရီလပထမအပတ်ကစပြီး ပုသိမ်အခြေစိုက် ထောက်ပို့တပ် (၄၂၄) မှ မြို့တွင်းရပ်ကွက်များရှိ စစ်ကောင်စီတပ်ထောက်ခံသည့် လူငယ် ၅၀ဦး ထက်မနည်းကို လစဉ်ငွေ သုံးသိန်းကျပ် မိသားစုအားထောက်ပံ့ပေးမည်ဟု အကြောင်းပြ၍ တပ်သားသစ်များကို စည်းရုံးကာ စစ်သင်တန်းတက်ရောက်ခိုင်းနေကြောင်းသိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *