ပေါက်တောအလုံးစုံဆို့အောက်ဘီ AAကတည်ပြု

ပေါက်တောမြို့ကို AA က အလုံးစုံထိန်းချုပ်သိမ်းပိုက်ပြီဟုကြေညာ■ ရခိုင်တွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်သူများပြားပြီး စစ်တပ်၏ ပစ်ခတ် မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးရန်ကုန်၊ ဇန်နဝါရီ ၂၅ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က အလုံးစုံ ထိန်းချုပ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာသည်။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ အဖွဲ့ဝင် ရက္ခိုင်တပ်တော်က ပေါက်တောမြို့ကို အလုံးစုံထိန်းချုပ်ထားပြီးဖြစ်ကြောင်း၊ တစ်ပြိုင် နက်တည်းတွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များရှိ လက်နက်ချအညံ့ မခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီ၏ တပ်မ ဌာနချုပ်နှင့် အထိုင်ချ စခန်း များကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရယူရန် ကြိုးစားလျက်ရှိကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ကြေညာသည်။ ရခိုင်ပြည်နယ်တွင် AA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံး ထိခိုက်မှု အလွန်များပြားနေပြီး စစ်ကောင်စီက လက်ရုံးတပ်များ၊ လုံထိန်း ရဲတပ်ဖွဲ့ဝင်များ နှင့် အိန္ဒိယပြန် စစ်ပြေးများကို ရခိုင်စစ်မျက်နှာသို့ စေလွှတ် လျက် ရှိကြောင်း နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ “ရခိုင်မှာ အခု အရာရှိပိုင်းတွေ၊ တပ်ရင်းမှူးတွေ၊ ဒုတပ်ရင်းမှူးတွေ အရမ်းကျ နေတယ်။ အဲဒါကို အခု ထပ်ပြီး အင်အားဖြည့်ဖို့ လက်ရုံးတပ်၊ လုံထိန်းရဲ၊ အိန္ဒိယက ပြန်ခေါ်လာတဲ့ တပ်မတော်သားတွေကို စေလွှတ်တာမျိုးရှိပါတယ်။ အတော်များများက မသွားချင်ကြဘူး။ အဲဒါကြောင့် သက်စွန့်စရိတ် နေ့တွက် စရိတ်တွေ တိုးမြှင့်ပေးမယ်ဆိုပြီး မက်လုံးပေးပါတယ်။ ဒါတောင် သွားမယ့်လူ နည်းနေတာရော ထွက်ပြေးကြတာတွေလည်းရှိတယ်။ မသွားမဖြစ် သွားရတဲ့သူတွေကတော့ ပါသွားတာပဲ” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။ ရခိုင်တိုက်ပွဲများတွင် မရှုမလှ အရေးနိမ့်သော စစ်တပ်က အရပ်သား ပြည်သူများကို ဦးတည် တိုက်ခိုက်လာပြီး အရပ်သား သေဆုံးမှု မြင့်တက် နေကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။ ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်အချိန် မင်းပြားမြို့နယ်၊ သဲတန်းကျေးရွာကို စစ်ကောင်စီ၏ နေဗီသင်္ဘောက ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ရာ ဒေသခံ ၁ ဦး သေဆုံးခဲ့ရပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရရှိခဲ့ ကြောင်း၊ ထို့ပြင် လက်နက်ကြီးကျည်ထိမှန်၍ ကျေးရွာတွင်းရှိ နေအိမ် ၃ ဆောင်မှာ လုံးဝပြိုကျပျက်စီးခဲ့ရကြောင်း သိရှိရသည်။ အလားတူ ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ ယခင်ရက်များနည်းတူ ရှိနေခဲ့သကဲ့သို့ စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုများမှာလည်း ယခင်ရက်များနည်းတူရှိခဲ့ကြောင်း၊ ယမန်နေ့တစ်ရက်တည်းတွင် စစ်တပ်က ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နှင့် အနီးတစ်ဝိုက်နေရာများသို့ ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်များဖြင့် ၃၃ ကြိမ်ထက်မနည်း တရစပ် လာရောက်ဗုံးကျဲတိုက် ခိုက်ခဲ့သဖြင့် လေကြောင်းတိုက်ခိုက်မှု အများဆုံးနေ့တစ်နေ့ဖြစ်ခဲ့ရကြောင်း၊ ထိုသို့တိုက်ခိုက်မှုအတွင်း လူနေအိမ်၊ အဆောက်အအုံနှင့် ချောင်ကူးတံတား အချို့ ထိမှန်ပျက်စီးခဲ့ရကြောင်း၊ ထို့ပြင် ရမ်းဗြဲမြို့မရဲစခန်းအနောက်ဘက်ရှိ ရမ္မာဝတီစျေးဆိုင်တန်းမှ ဆိုင်ခန်း ၆ ခန်းကျော်မှာ လည်း စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်ခဲ့၍ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။ ထို့အတူ ရက္ခိုင်ပြည်၊ မောင်တောအခြေစိုက် စစ်ကောင်စီ၏ “မောရဝတီ ဗျူဟာ” က ယမန်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်၌ အရပ်သားပြည်သူ များနေထိုင်ရာ မြို့နှင့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ၆ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ အဆိုပါစခန်းသည် လက်နက်ကြီးအားကိုးဖြင့် နှစ်ရှည်လများ ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျနေ သည့် စစ်တပ်စခန်း ကြီးပင်ဖြစ် ကြောင်း သိရှိရသည်။မောင်တောအခြေစိုက် စစ်ကောင်စီ၏ “မောရဝတီဗျူဟာ” က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ၁ လုံးမှာ မောင်တောမြို့နယ်၊ ဇော်မတက်အုပ်စု၊ ကိုင်းကြီး (မြို့) ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် ၁၅ နှစ်အရွယ် ဒေသခံမိန်းကလေးငယ် ၁ ဦးအပါအဝင် ၁၀ နှစ်အရွယ် ယောကျာ်း လေး ၁ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူလူထုကို သတ်ဖြတ် နေသော စခန်းများ ကိုလည်း AA က မနှေးအမြန် တိုက်ခိုက်သိမ်း ယူသွားမည်ဖြစ်ကြောင်း တရားဝင်ကြေညာချက်အရ သိရှိရသည်။ ယင်းအပြင် ရက္ခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ “စကခ ၁၅ ” က ယမန်နေ့၊ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တမင်တကာပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင်ရွာကြီးမှ အရွယ်မ‌ရောက် သေးသော မွတ်ဆလင်ညီအစ်ကို ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ကလေးငယ် ၂ ဦး အပါအဝင် ၈ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ဓာတ်ပုံ- ယခလ ၂၁ ရက်‌နေ့ ကျောက်တော်တွင် သေဆုံးသွားသော စစ်ကောင်စီ အရာရှိ၏ဓာတ်ပုံနှင့် နာရေး ဖိတ်စာ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *