ဝါသဝမမှတ်သေးဘူးငပိကြော်တွေကိုမွှင်းခါးချက်ဖို့အိုးစည်ဗုံမောင်းနဲ့ ကြို(ရုပ်သံ)

ကန့်ဘလူမြို့ထဲ စစ်အုပ်စု အင်အား(၄၀၀)ကျော် ဝင်ရောက်လာ

ဒေသခံတချို့က အိုးစည်ဗုံမောင်းနဲ့ ကြို

ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှာ မနေ့က ညနေပိုင်း မြို့ပေါ် ဝင်ရောက်လာတဲ့ အင်အား(၄၀၀)ကျော်ပါ စစ်အုပ်စု စစ်ကြောင်းကို ဒေသခံတွေက အိုးစည်ဗုံမောင်းနဲ့ ကြိုဆိုခဲ့တယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။

ဇန်နဝါရီ(၂၄)ရက်က ရွှေဘိုမြို့ စခတ(၈)ခေါ် အမှတ်(၈)လေ့ကျင့်ရေးတပ်က ထွက်လာတဲ့ အင်အား(၄၀၀)ကျာ်ပါ စစ်အုပ်စုဟာ ခင်ဦးနယ်ကတဆင့် ကန့်ဘလူမြို့ကို မနေ့က ဇန်နဝါရီ(၂၆)ရက်မှာ ဝင်ရောက်သွားတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ကန့်ဘလူမြို့တွင်း ဝင်လာတဲ့ စစ်အုပ်စုကို ကန့်ဘလူနယ် ပျူခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ လက်အောက်ခံ ပျူတွေနဲ့ စစ်အုပ်စု မိသားစုတွေက ကန့်ဘလူမြို့ အထက (၁) ကျောင်းအနီးကနေ လမ်းဘေးဝဲယာတလျှောက် အိုးစည်ဗုံးမောင်း၊ သပြေခက်တွေနဲ့ ကြိုဆိုဂုဏ်ပြုတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ကြောင်းကို သွားရောက် ကြိုဆိုဖို့ ကျွန်းလှမြို့နဲ့ ကန့်ဘလူမြို့က အရပ်သားပိုင် တုန်ဖုန်း အမျိုးအစား ကားတွေကို ချောဆွဲကာ ဇီးကုန်းသကြားစက်အထိ ကားနဲ့ သွားကြိုပြီး ကန့်ဘလူမြို့အဝင်မှာလည်း လူအုပ်နဲ့ ကြိုဆိုတာလို့ ကန့်ဘလူနယ် သတင်းတွေ တင်ဆက်နေတဲ့ Infinity Group က ဖော်ပြပါတယ်။

“ယနေ့နံနက်ပိုင်း (၁၀)နာရီခွဲခန့်က ကန့်ဘလူ – ၆၀၀၆ (အမြောက်တပ်) မှ ထွက်သွားသော တုန်ဖုန်းကား (၂၂)စီးသည် ရွှေဘိုမြို့ လေ့ကျင့်ရေး(၈)မှ ထွက်လာသော ခန့်မှန်းအင်အား (၄၀၀)ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းအား ဇီးကုန်းမြို့အရှေ့ MEC သကြားစက်တွင် ကြိုဆိုကာ နေ့လည်ပိုင်း၌ ကန့်ဘလူမြို့သို့ ဦးတည်ကာ ပြန်လည် ထွက်ခွာလာကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီ ယာဥ်တန်းအား ကြိုဆိုရန် ကန့်ဘလူမြို့ မိဘမေတ္တာ တည်းခိုခန်းအနီး လမ်းမတလျှောက်၌ စစ်တပ် ထောက်ခံသည့် လူတစုက အိုးစည်ဗုံမောင်းများဖြင့် ယနေ့ညနေ (၄)နာရီခွဲ အချိန်ခန့်မှ စတင်ကာ တန်းစီစောင့်ဆိုင်းလျက် ရှိနေကြောင်း သိရသည်” လို့ Infinity Group က ဖော်ပြပါတယ်။

အဲ့ဒီ စစ်အုပ်စု စစ်ကြောင်းဟာ မနေ့က ညနေ(၅)နာရီလောက်မှာ ကန့်ဘလူမြို့ပေါ် ဝင်ရောက်လာပြီး လက်ရှိမှာ ကန့်ဘလူ – ၆၀၀၆ အမြောက်တပ်ထဲ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ကန့်ဘလူကို ရောက်ရှိနေတဲ့ စစ်အုပ်စုဟာ ကောလင်းမြို့ဘက် အင်းအားဖြည့်ဖို့ ဆက်သွားမယ်လို့ ယူဆရကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။

အဲ့ဒီ စစ်ကြောင်းမှာ ပါဝင်လာသူ အများစုဟာ စစ်သားမဟုတ်ဘဲ ထောင်ကျ အကျဉ်းသားတွေ ဖြစ်ပြီး မြိတ်မြို့ အကျဉ်းထောင် အပါအဝင် ထောင်တွေထဲက အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့် ပေးမယ်လို့ မက်လုံးပေး ခေါ်ထုတ် လာပြီးနောက် လက်နက် တပ်ဆင်ကာ စစ်ကြောင်းထဲ ထည့်ပေးတာလို့ သိရကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဇန်နဝါရီ(၂၄)ရက်က အဲ့ဒီ စစ်အုပ်စု စစ်ကြောင်း ခင်ဦးနယ်ထဲ ဝင်ရောက်လာချိန် တချို့ ထွက်ပြေးလာလို့ ထိန်းသိမ်း၊ မေးမြန်းခဲ့ရာ စစ်အုပ်စုက အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပြီး စစ်တိုက်ခိုင်းတာ ဖြစ်တယ်လို့ ပြောဆိုကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ပကဖ တာဝန်ခံ ဦးကျော်က ပြောပါတယ်။

“သူတို့(စစ်အုပ်စု)က အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ ဆိုပြီး ထောင်ထဲကနေ ခေါ်ထုတ် လာပြီးတော့ အင်အားဖြည့်တဲ့ ပုံစံမျိုးပါ။ ကျွန်တော်တို့ဆီကို ရောက်နေတဲ့ အကျဉ်းသား ပြောတာက သူတို့ကို ဘိတ်(မြိတ်မြို့) ထောင်ကနေ ခေါ်ထုတ် လာပြီးတော့ လွတ်ငြိမ်းချမ်းသာ ပေးမယ်ဆိုပြီးမှ လက်နက်ပေးကိုင် ခိုင်းတာပေါ့။ ….။ အဲဒီလိုနဲ့ မနေ့(ဇန်နဝါရီ၂၄)က နေ့လယ်ပိုင်းလောက်မှာ စစ်ကြောင်း မထွက်ခင် လေ့ကျင့်ရေး(၈) တပ်ကနေ အကျဉ်းသား ခုနှစ်ယောက် ထွက်ပြေးတာပေါ့။ ထွက်ပြေးတဲ့ အထဲမှာ တစ်ယောက်က ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေနဲ့ တွေ့တာ။ ကျန်တဲ့သူတွေကတော့ ပြန်မိလား၊ မမိလားတော့ မသိသေးဘူး”လို့ ခင်ဦးမြို့နယ် ပကဖ တာဝန်ခံ ဦးကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက ကန့်ဘလူမြို့နယ်နဲ့ ထိစပ်နေတဲ့ ကောလင်းမြို့ကို တော်လှန်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုက ကောလင်းမြို့ကို ပြန်လည် တိုက်ခိုက်နိုင်ရေး အင်အားဖြည့်နေတာ ဖြစ်ပါတယ်။

.

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *