ပြေကြမြန်မြန်နဲ့များများပြေးကြ အသက်ကအရေးကြီးဆုံးပဲ

တောင်ကုတ်တွင် စစ်သား ၁၂ ဦး လက်နက် အပြည့်အစုံဖြင့်ထွက်ပြေး နိရဥ္စရာ၊ ဇန်နဝါရီ ၃၁ / ၂၀၂၄ ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သား ၁၂ ဦးသည် လက်နက်အပြည့်အစုံဖြင့် ယခုလ ၂၇ ရက်နေ့က ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ ၎င်းထွက်ပြေးသွားသည့် စစ်သားများမှာ တောင်ကုတ်တက္ကသိုလ်အနီးရှိ ယခင်ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်မှ စစ်သား ၅ ဦးနှင့် ဖုန်ညိုကျေးရွာ တံတားရင်း၊ ခမရ (၃၄၆) တပ်ဝင်ဝအနီး စစ်ဆေးရေးဂိတ်မှ စစ်သား ၇ ဦး၊ စုစုပေါင်း ၁၂ တို့ ဖြစ်ကြသည်ဟု တောင်ကုတ် ဒေသခံများက ပြောသည်။တောင်ကုတ်မြို့ခံတစ်ဦးက ” ဒီလ ၂၇ ရက်မနက်ပိုင်းကတည်းက အဲဒီစစ်သားတွေ ထွက်ပြေးတဲ့ သတင်းကိုရထားတယ်ဗျ။ တောင်ကုတ် တက္ကသိုလ်နားက စစ်ဆေးရေးဂိတ်က စစ်သားငါးယောက်နဲ့ ဖုန်ညိုမောင်းတံဂိတ်က စစ်သား ၇ ယောက်လို့ သိရတယ်” ဟု ပြောသည်။ စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူများမှတဆင့် စုံစမ်းကြည့်ရာ ၎င်းစစ်သားများ ထွက်ပြေးသည့် သတင်းကို အတည်ပြုနိုင်ကြောင်း သူကဆက်ပြောသည်။ ” ကျွန်တော်တို့က ထွက်ပြေးတဲ့နေ့ကတည်းကသတင်းကတော့ရထားတယ်။ သူတို့တပ်တွင်း သတင်းတွေဆိုတော့ သေချာအတိအကျအတည်မပြုနိုင်ဘဲရှိနေခဲ့တာ။ ဆက်ပြီးတော့တပ်နဲ့ နီးစပ်ရာအသိုင်းအဝိုင်းတွေဆီ စုံစမ်းကြည့်တော့ ထွက်ပြေးတဲ့သတင်းက ဟုတ်တယ်။ အေအေဆီကို ရောက်သွားနိုင်တယ်လို့တော့ သုံးသပ်ထားပါတယ်” ဟု ပြောသည်။ အဆိုပါစစ်သားများမှာ ဇန်နဝါရီလ ၂၇ ရက် နံနက်အစောကြီးက တာဝန်ကျရာစစ်ဆေးရေးဂိတ်များမှ လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားခြင်းဖြစ်ကြောင်းလည်း နောက်ထပ် တောင်ကုတ်မြို့ခံ တစ်ဦးကလည်း ထပ်လောင်းပြောဆိုသည်။ စစ်သားများထွက်ပြေးသောသတင်းကို အတည်ပြုနိုင်သော်လည်း ထွက်ပြေးသူများ၏ ရာထူးနှင့် နာမည်များကိုမူ နိရဥ္စရာအနေဖြင့် အတည်မပြုနိုင်သေးပါ။ စစ်သားများထွက်ပြေးသည့် တစ်နေ့လုံးတွင် စစ်ဆေးရေးဂိတ်များကို လုံးဝဖြတ်သန်း သွားလာခွင့် မပေးဘဲ လုံခြုံရေးတင်းကြပ်ထားသလို ၎င်းစစ်သားများကို လိုက်လံရှာဖွေမှုများရှိကြောင်း၊ ၎င်းအပြင် ရပ်ကွက်တချို့တွင် ဧည့်စာရင်းစစ်ဆေးမှုများကိုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ လက်ရှိတောင်ကုတ်မြို့ပေါ်လည်း စစ်ကောင်စီတပ်ကလုံခြုံရေးယူ ကင်းလှည့်သွားလာမှုရှိနေပြီး မြို့၏ ရေကြောင်း ထွက်ပေါက် ဆိပ်ကမ်းများတွင်လည်း နေ့စဥ် ကင်းပုန်းဝပ်လှုပ်ရှားမှုများရှိနေကြောင်း မြို့ခံများကပြောသည်။ ယမန်နေ့ဇန်နဝါရီလ ၃၀ ရက်၊ ညနေ ၅ နာရီကျော်အချိန်က တောင်ကုတ်မြို့နယ်၊ မအီမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ နှစ်ဘက်ပစ်ခတ်မှုအချိန်အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ပြောပြချက်အရသိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *