တစ်ဖွဲ့ကလိမ် တစ်ဖွဲ့ကဖော်

ပအိုဝ်းပြည်သူ့စစ်အဖြစ် အမှုထမ်းဖို့ အင်အားရာချီ ကိုယ်တိုင်ဆန္ဒပြုလာတယ်ဆိုတဲ့ သတင်းမှားစစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေအဖြစ် အမှုထမ်းဖို့ (PNO/PNA) တပ်ဖွဲ့ဆီ လူဦးရေရာချီ ဆန္ဒပြုလာတယ်ဆိုတဲ့ ဓာတ်ပုံတချို့နဲ့ သတင်းအမှားတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။စစ်ကောင်စီ လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေ တယ်လီဂရန် အကောင့်ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ “(ပအိုဝ်းတွေကို ချစ်သွားပြန်ပြီကွာ) အကြမ်းဖက်သမားတွေကို ချေမှုန်းဖို့အတွက် ပအိုဝ်းပြည်သူ့စစ် (PNO /PNA)အဖွဲ့သို့ စစ်မှုထမ်းရန် ဆန္ဒလာပြုကြသည့် ပအိုဝ်း တိုင်းရင်းသားများ” ဆိုပြီး ရေးသားဖြန့်ဝေရာမှာ React ၁၀၁၆၊ Views ၃၀၅၉၄၊ Shares ၄၅ ထိရှိခဲ့ပြီး ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။ဒါ့အပြင် တခြားတယ်လီဂရန် ချန်နယ်ဖြစ်တဲ့ Kyaw Swar အကောင့်ကနေ “အထူးဒေသ(၆)၊ မျင်ꩻမိုရ်ႏခမ်း၊ ကျေးရွာအုပ်စုတိုင်း မိဘပြည်သူများအတွက် လုံခြုံရေးအင်အား (၁၇၀၀၀) စတင်ဖွဲ့စည်း”ဆိုပြီး ဖြန့်ဝေရာ မှာလည်း React ၁၁၅၃၊ Views ၃၇၈၇၉၊ Shares ၂၄၊ Comments ၇၆ ခုရှိခဲ့ပြီး ဆက်လက်ပျံ့နှံ့နေပါတယ်။အဲဒီအကြောင်းအရာကိုပဲ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေ၊ Newscollection4 ဆိုတဲ့ Tik Tok အကောင့်နဲ့ အိပ်စိုက်ပြန်လာပြီ Facebook အကောင့်တွေကနေ ရေးသားဖြန့်ဝေနေတာကိုလည်း တွေ့ရပါတယ်။အဲဒီစာသားတွေကို ပအိုဝ်းတိုင်းရင်းသား အမျိုးသားအများအပြား စုဝေးနေကြတဲ့ ဓာတ်ပုံတချို့နဲ့အတူ စစ်ကောင်စီလော်ဘီတွေက ဖြန့်ဝေနေကြတာပါ။အဲဒီဖော်ပြချက်တွေနဲ့ပတ်သက်လို့ DNA Fact Check Team က စိစစ်ကြည့်တဲ့အခါ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ကို ဝင်ဖို့ ဆန္ဒလာပြုကြသူတွေမဟုတ်ဘဲ အမိန့်အရ ဖိအားပေးလာရောက်ခိုင်းတာကြောင့် စစ်မှုထမ်းရေး စည်းရုံးဟောပြောပွဲကို ရောက်လာသူတွေသာ ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။တောင်ကြီးမြို့နယ်နဲ့ ဟိုပုံးမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၅ စုက လူငယ်တွေကို PNO အဖွဲ့ဝင်အဖြစ် စစ်မှုထမ်းဖို့ စည်းရုံးဟောပြောပွဲတက်ရောက်ဖို့ အမိန့်နဲ့ ဖိအားပေးတက်ခိုင်းခဲ့တယ်လို့ မြန်မာ၊ ပအိုဝ်းဘာသာစကားတွေနဲ့ ရေးသားနေတဲ့ ရှမ်းပြည်နယ် ဒေသတွင်းသတင်းမီဒီယာတခုဖြစ်တဲ့ The People’s Voice – ခမ်းသားငေါဝ်းက ဖော်ပြထားပါတယ်။အဲဒီဟောပြောစည်းရုံးပွဲကို တောင်ကြီးမြို့မြောက်ဘက်ခြမ်း၊ ပေါမူ ကျေးရွာမှာ ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်ခဲ့ပြီး အသက် ၁၈ နှစ်အထက် ၃၅ နှစ်အောက်လူငယ်တွေ တက်ရောက်ခဲ့ရတယ်လို့ ရေးသားထားတာကို ဒီနေရာ(https://shorturl.at/bAERY) မှာ ဖတ်ရှုနိုင်ပါတယ်။“တောင်ကြီးမြို့ မြောက်ဘက် ပေါ့မူဒေသဆိုတာ အထူးဒေသ ၆ နေရာပါ၊ ပေါ့မူမှာ ရပ်ရွာလုံခြုံရေးအတွက် ဟောပြောပွဲလုပ်တာပါ၊ ပြည်သူတွေ PNO ထဲ သူတို့သဘောနဲ့သူတို့ ဝင်တာတော့ မဟုတ်ပါဘူး၊ စည်းရုံးရေး ဟောပြောပွဲလုပ်တာပါ” လို့ အမည်မဖော်လိုတဲ့ ပအိုဝ်းဒေသခံတဦးကလည်း DNAကို ရှင်းပြပါတယ်။ဒါ့အပြင် ကျောက်တစ်လုံးကြီးမြို့က အသက် ၁၈ က‌နေ ၄၀ ကြား အမျိုးသားတွေကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)က တပ်သားသစ် အဓမ္မစုဆောင်းတဲ့အနေနဲ့ တအိမ်တယောက်နှုန်း မဖြစ်မနေ ပါဝင်ရမယ့်အပြင် ငွေကျပ်တသိန်းလည်း ထည့်ဝင်ရပြီး မပါဝင်နိုင်တဲ့ အိမ်တွေက သိန်း ၂၀ ပေးရတဲ့အကြောင်း MeKong News က ရေးသားထားတာကို ဒီမှာ(https://shorturl.at/doDO2) ဖတ်ကြည့်နိုင်ပါတယ်။ပအိုဝ်းပြည်သူ့စစ် PNA က ပအိုဝ်းဒေသခံ လူငယ်တွေကို ဖမ်းဆီးကာ လူသစ်စုဆောင်းတဲ့အပြင် လက်နက်တပ်ဆင်ဖို့ တအိမ် ငွေကျပ်တသိန်း ကောက်ခံနေတာကြောင့် လူငယ်တွေ ထွက်ပြေးကြရတယ်လို့ Tachileik News Agency က ရေးသားထားတာကိုလည်း ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ပအိုဝ်းတိုင်းရင်းသားတွေ ပအိုဝ်းပြည်သူ့စစ်ထဲ ဝင်ဖို့ လူဦးရေအများအပြား တပြိုင်တည်း ကိုယ်တိုင်ဆန္ဒပြုကြတယ်ဆိုတဲ့သတင်း ရေးသားဖော်ပြထားတာ မတွေ့ရပါဘူး။ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြတာ ရှိတဲ့အတွက် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။DNA Fact Check Team ကို ဒီနေရာ([email protected]) ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်း အကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။#ပအိုဝ်း #ပြည်သူ့စစ် #စစ်မှုထမ်း #PNO

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *