တရုတ်ပိုက်လိုင်းနဲ့ အကျိုးစီးပွားတွေကို စခငပုကခြိမ်းခြောက်သတင်းရုပ်သံ

တရုတ်ပိုက်လိုင်းနဲ့ အကျိုးစီးပွားတွေကို စစ်တပ်ခြိမ်းခြောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ နဲ့ ထိတွေ့ဆက်ဆံနေပေမယ့်လည်း မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့အရေးကြီးစီမံကိန်းဖြစ်တဲ့ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ်အကျိုးစီးပွားတွေကို တိုက်ရိုက်ခြိမ်းခြောက်နေတာကတော့ စစ်အုပ်စုပဲ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပိုက်လိုင်းတလျှောက် မြို့နယ်တွေကို စစ်တပ်ရဲ့ အဆင်ခြင်မဲ့ တိုက်ခိုက်မှုတွေကြောင့် အဆောက်အဦး (၁၆၀) ဦးပါး ပျက်စီးခဲ့တယ်လို့ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်ခဲ့ပါတယ်။

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ နဲ့ နမ့်ခမ်း မြို့နယ်တွေမှာ လေကြောင်း၊ ကုန်းကြောင်း တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး အရပ်သား (၂၇) သေဆုံးပြီး (၃၃) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တရုတ်ပိုက်လိုင်း နဲ့ မီတာ (၁၀၀) ခန့်အကွာအဝေးမှာရှိတဲ့ နောင်ချို၊ ကျောက်ကြမ်းရွာ (နောင်ချိုမြို့ အနောက်ဘက် ၆ ကီလိုမီတာတွင်ရှိ) မှာ ကို စစ်တပ်က အောက်တိုဘာ (၂၉) ရက်နေ့မှာ ဗုံးကြဲ မှုကြောင့် အရပ်သား (၁) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာရှိပြီး ဟိန္ဒူဘာသာရေးကျောင်း (၁) ခု ပျက်စီးခဲ့ပါတယ်။

အဲဒီ ပိုက်လိုင်းဟာ မြန်မာနိုင်ငံတွင်းကို ကီလိုမီတာ ၇၇၀ ဖြတ်သန်းသွားပြီး တရုတ်အနောက်တောင် ပြည်နယ် (၄) ခု ရဲ့ ပင်မ သဘာဝဓာတ်ငွေ့ရင်းမြစ် ဖြစ်ပါတယ်၊ ယူနန် ပြည်နယ် နှစ်စဥ် GDP ရဲ့ ၁၀ ရာခိုင်နှုန်း ကို ကိုယ်စားပြုနေတဲ့ စက်မှုလုပ်ငန်းတွေကို လောင်စာ ပံ့ပိုးပေးထားတယ်လို့ USIP ရဲ့ ၂၀၂၁ ခုနစ်၊ မေလထုတ် သုံးသပ်ချက်တခုမှာ ရေးသားထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ရှိတဲ့ အရေးကြီး စီမံကိန်းဖြစ်တဲ့ တရုတ် ဝမ်ပေါင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဧရိယာတွင်းမှာလဲ စစ်တပ် စစ်ကြောင်းတွေ ဝင်ရောက်နေတာယူတာ၊ စီမံကိန်းအတွင်းကနေ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာတွေ လုပ်ဆောင်လျက် ရှိပါတယ်။

တရုတ်ပိုက်လိုင်းဒေသ ဗုံးကြဲမှု၊ ဝမ်ပေါင်ကြေးနီ စီမံကိန်းမှာ တပ်စွဲပြီး မတည်ငြိမ်မှုဖြစ်အောင် လုပ်ဆောင်နေမှုတွေကိုကြည့်ရင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို အဓိကအားဖြင့် နှောင့်ယှက်နေသူဟာ အကြမ်းဖက်စစ်တပ်ပဲ ဖြစ်တယ်ဆိုတာ သိသာပါတယ်။

အဲဒီလို နောက်ခံအခြေအနေတွေမှာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေ နဲ့ တရုတ် အမှုထမ်းတွေ ဘေးကင်းလုံခြုံရေး အကာအကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ဒီဇင်ဘာလ (၂၁) ရက်နေ့မှာ ထည့်သွင်းတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားတွေ အပါအဝင် ဒေသတွင်း နိုင်ငံတွေရဲ့ နိုင်ငံသားတွေကို အွန်လိုင်းကနေ ငွေကြေး လိမ်လည်တာတွေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့လဲ စစ်အုပ်စုကြားမှာ နီးကပ်တဲ့ ဆက်ဆံ‌ရေးတွေ ရှိတယ်လို့ သတင်းတွေ ပေါ်ထွက်လျက်ရှိပါတယ်။

စစ်အာဏာရှင်တွေ နဲ့ စစ်အုပ်စုမရှိမှသာ တရုတ်အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ တည်ငြိမ်အေးချမ်းစွာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်လို့ စစ်အုပ်စုကို စွန့်ခွာပြီး ပြည်သူဘက်က ရပ်တည်ဖို့လိုပါတယ်။

တဘက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သဘာထားကို ၂၀၂၄ ခုနစ်၊ ဇန်နဝါရီ (၁) ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

တရုတ် တနိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း၊ တရုတ်ရင်းနှီးမြှပ်နှံမှုများကို ကာကွယ်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည့် အဖွဲ့တွေကို မြန်မာပိုင်နက်တွင် အခြေချခွင့်ပြုမည် မဟုတ်ကြောင်း၊ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင် ချုပ်ဆိုခဲ့သော နှစ်နိုင်ငံ သဘောတူစာချုပ်များကို တာဝန်ယူမည်ဖြစ်ကြောင်း၊ ကျားဖြန့်လုပ်ငန်း၊ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှု၊ မူးယစ်‌ဆေးဝါး အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းများကို တရုတ်နိုင်ငံ နှင့် ပူး‌ပေါင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

အဲဒီအချက်တွေကို သုံးသပ်ကြည့်ရင် တရုတ်နိုင်ငံနဲ့ တရုတ် ခေါင်းဆောင်တွေအတွက် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ တရုတ်တနိုင်ငံတည်းမူကို NUG က ထောက်ခံထားတာ၊ တရုတ်နိုင်ငံသားတွေပေါ် ခြိမ်းခြောက်နေတဲ့ အွန်လိုင်း လိမ်လည်မှုကို တိုက်ဖျက်မည်လို့ ဖော်ပြထားတာ၊ တရုတ်နိုင်ငံကို ဆန့်ကျင်ဘက် အင်အားစုတွေ မြန်မာနိုင်ငံတွင်း ခြေချခွင့် မပြုဘူးလို့ ဖော်ပြထားတာ၊ တရုတ် ရင်းနှီးမြှပ်နှံမှုတွေကို အာမခံပေးထားတာတွေ တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်အကျိုးစီးပွားတွေကို စစ်အုပ်စုက ခြိမ်းခြောက်နေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရက တရုတ်အကျိုးစီးပွားရေးတွေကို အာမခံပေးနေတာကို တွေ့နိုင်ပါတယ်။

By PDFInsight

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *