ဗောဓိကုန်းကရလိုက်တာတွေထုတ်ကြွား

AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော မောင်တော စစ်ကောင်စီ ဗောဓိကုန်းစခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည် မောင်တောမြို့နယ်အနီးက စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သည့် ဗောဓိကုန်းစခန်းကို ရက္ခိုင့်တပ်တော် AA က ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ နံနက် ၆ နာရီတွင် အပြီးသတ်သိမ်း ပိုက်လိုက်ကြောင်း AAသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သား ၁၄ လောင်းအပါအဝင် လက်နက်ခဲယမ်းအချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်က ထုတ်ပြန်ထားသည်။

ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီကျော်က စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ လေးကြောင်း၊ လက်နက်ကြီးအများအပြား ပစ်ခတ်တိုက်ခိုက်မှုကြားမှ ၂၄ နာရီကျော်အကြာ နောက်တစ်နေ့ နံနက်ပိုင်းတွင် AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေသခံများပြောဆိုချက်အရ ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဗောဓိကုန်းစခန်းအပြင် စစ်ကောင်စီ နယ်ခြားစောင့် တပ်စခန်းဖြစ်သည့် နရူလနယ်ခြားစောင့်တပ်ကိုလည်း ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ပြောဆိုကြသည်။

သို့သော်လည်း မြောက်ပိုင်းညီနောင်မဟာမိတ်နှင့် ရက္ခိုင့်တပ်တော် AA က ယနေ့ အချိန်အထိ နရူလာနယ်ခြားစောင့်တပ်နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။

နရူလာနှင့် ဗောဓိကုန်း နယ်ခြားစောင့်တပ်စခန်းနှစ်ခုသည် မောင်တောမြို့နှင့် ၄ မိုင်ခန့်သာ ဝေးကွာပြီး အင်အား ရာကဏန်းရှိသော တပ်ခစန်းများလည်းဖြစ်ကြသည်။

AA သည် မောင်တောဒေသရှိ တောင်ပြိုမြို့ကို အပြီးအပိုင်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မောင်တောမြို့အား သိမ်းယူနိုင်ရန် မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းယူလျှက်ရှိနေသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီကျော်အချိန်မှာပဲ မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၂ ဦးသေဆုံးခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်က ထုတ်ပြန်ထားသည်။

တစ်ဆက်တည်းမှာပဲ မောင်တောမြို့နှင့်နီးကပ်သည့် ရသေ့တောင်မြို့ကိုလည်း တစ်ပြိုင်တည်းသိမ်းယူနိုင်ရန် AA က စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီကျော်အချိန် ရသေ့တောင်မြိုနယ်၊ ခနောင်းကြီး‌ ကျေးရွာ၏ အရှေ့တောင်ဘက် (၁.၃) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင်လည်း ခမရ (၅၃၆) တပ်ရင်းနှင့် AA တို့ နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကနဦးသတင်းအရ စစ်ကောင်စီဖက်မှ မျက်မြင် (၄) ဦး သေဆုံး၍ ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိကာ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ နောက်ဆုတ်သွားကာ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈) တပ်ရင်းသုံးရင်း စလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီးပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်က ဆိုသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လည်စတင်ခဲ့သည့် ရခိုင်နှင့်ပလက်ဝဒေသတွင်း တိုက်ပွဲများ၌ ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်စခန်း မြောက်များစွာနှင့် လက်နက်ခဲယမ်းများအပြင် မြို့ ၇ မြို့၊ စစ်သင်္ဘော ၅ စီးတို့ကို တိုက်ခိုက်သိမ်းပိုက်ရယူထားပြီဖြစ်သည်။

ကျန်နေသေးသော ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရန် AA မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေပြီး မြို့များကိုလည်း သိမ်းယူမည်ဖြစ်ကာ ပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်မြို့တော် စစ်တွေမြို့သို့ ဦးတည်လာကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *