ညမထွက်ရအမိန့်မရှိဘူး ထွက်ရင်ဆွဲစိမယ့်သဘော

မန္တလေးမှာ ညမထွက်ရအမိန့်မရှိဘူးလို့ စစ်တပ်က လိုက်ကြေညာ ဖေဖော်ဝါရီ ၂၁စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် စစ်တပ်က ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေနဲ့ လူငယ်တွေ ဆက်တိုက်ပျောက်ဆုံးလာမှုတွေရှိတာကြောင့် မန္တလေးမြို့တွင် ညပိုင်းတွေမှာ လူအသွားအလာနည်းပါးသွား၍ စစ်တပ်က ညဘက်အပြင်ထွက်လို့ရကြောင်း လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ညမထွက်ရအမိန့်မရှိဘူး အပြင်ထွက်လို့ရတယ်”လို့ လိုက်ထရပ်ကားတွေအပြင် မီနီအိုးဝေတွေနဲ့ပါ လိုက်လံကြေညာနေတာလို့ ဒေသခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လူအသွားအလာနည်းပါးသွားခြင်းကြောင့် စစ်တပ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစပြီး တစ်ပတ်ကျော် ကြာလာတဲ့အထိ ခုလိုကြေညာနေတာလို့ သိရပါတယ်။အဲဒီဥပဒေထုတ်ပြန်ပြီးနောက်မှာ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာ လူငယ်တွေအနေနဲ့ အပြင်ထွက်တာတွေ နည်းပါးသွားသလို ကုမ္ပဏီဝန်ထမ်းတွေကလည်း အလုပ်ချိန်ကို ညဘက်နောက်ကျတဲ့အထိ အလုပ်မဆင်းတော့တာတွေကြောင့် လူအသွားအလာကြဲ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။”မန္တလေးမှာက အဆောင်မှာနေပြီး အလုပ်လုပ်တဲ့သူတွေရှိတယ် သူတို့ဆိုလဲ နယ်တွေပြန်ကုန်ကြပြီ ရှိတဲ့သူတွေကလဲ ပေါ်တာဆွဲခံရမှာကြောက်လို့ အပြင်မထွက်ကြဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ရန်ကုန်မြို့မှာလည်း စစ်တပ်က အတင်းဓမ္မဖမ်းဆီးပြီး ရှေ့တန်းစေလွှတ်မှာကို စိုးရိမ်တာကြောင့် တချို့လူငယ်တွေဟာ အလုပ်မှာပဲ ညအိပ်ရတဲ့အခြေအနေတွေ ဖြစ်နေတယ်လို့ သိရပါတယ်။စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်မှာ မိသားစုနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးခဲ့တဲ့ လူငယ် ၁၁ဦးအထိ ရှိခဲ့တာ ဖြစ်ပါတယ်။အဲဒီထဲကမှ တချို့သောလူငယ်တွေကို ရဲစခန်းမှာ ပိုက်ဆံပေးပြီး မိသားစုဝင်တွေက သွားရောက်ခေါ်ဆောင်ရသလို တချို့သောလူငယ်တွေက မသမာသူတွေရဲ့ ပြန်ပေးဆွဲတာကို ခံရပြီး အတင်းအဓမ္မ ငွေတောင်းခံရတာတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ဒါ့အပြင် မန္တလေးမြို့မှာ စစ်သား၊ရဲ၊ပျူစောထီးတွေအပါအဝင် ယာဉ်ထိန်းရဲတွေက လူငယ်တွေကို ဖမ်းဆီးတာတွေ မကြာခဏ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။အဲဒီလိုအခြေအနေမှာ စစ်တပ်က ခုလို ညဘက်အပြင်ထွက်လို့ရကြောင်း ကြေညာတာနဲ့ ပက်သက်ပြီး ပြည်သူတွေက အယုံအကြည်မရှိဘူးလို့ မန္တလေးဒေသခံတွေက ပြောပါတယ်။”သူတို့စကားကို ဘယ်သူကမှ အယုံအကြည်မရှိဘူး အိမ်ထဲနေတောင် ဘယ်တော့ ပေါ်တာဆွဲခံရမလဲ ကြောက်နေရတဲ့အချိန်ကို ဘယ်သူကညဘက်အပြင်ထွက်မှာလဲ ခွေးပြောခွေးယုံပဲ”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။ ပုံစာ- မန္တလေးမြို့တွင် ဧည့်စာရင်းစစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *