ဟိုပုံးအရှေ့ခြမ်းတိုက်ပွဲ စစ်ကောင်စီတပ် ဗိုလ်မှူး ၂ ဦး ၊
ဗိုကြီး ၃ဦးအပါအဝင်သေဆုံးထိခိုက်မှုများပြီးအလောင်း၁၆ လောင်းရ
▪︎လက်နက်မျိုးစုံ ၁၇ လက်နှင့်ခဲယမ်းများရ
▪︎စစ်အာဏာရှင်ကိုကာကွယ်ရ၍ရှေ့တန်းဆန္ဒမပါဘဲလာရခြင်း ၊နယ်မြေမကျွမ်းခြင်း၊ အကျိုးစီးပွားမက်သူများသာဖြစ်ခြင်းကြောင့်စစ်တပ်သေဆုံးထိခိုက်မှုများဟု PNLA ပြောရေးဆိုခွင့်ရှိသူပြော
ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှစ်ဦး ၊ဗိုလ်ကြီး ၃ဦး အပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ပြီး အလောင်း ၁၆ လောင်းကျန်ရှိကြောင်း သတင်းရရှိသည်။
ဒေသတွင်း လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှု ဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(PNLA)စစ်ကြောင်းကို ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်သဖြင့် ယမန်နေ့(ဖေဖော်ဝါရီ ၂၅ ရက်)က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း PNLA က ယနေ့ထုတ်ပြန်သည်။
ထိုတိုက်ပွဲဖြစ်ပွားသည့်နေရာကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)စစ်ကြောင်းမှ ရှင်းလင်းမှုပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၆ လောင်းကျန်ရှိခဲ့ပြီး စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့်ရှိသူ၂ ဦး နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးပါ တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း ဖော်ပြသည်။
“သူတို့အဲ့လို အကျများတာ ပြည်သူနဲ့ဆန့်ကျင်ပြီး စစ်အာဏာရှင်အတွက်ကာကွယ်နေရတာဖြစ်တဲ့ အတွက် ဆန္ဒမပါပဲ ရှေ့တန်းတက်ရလို့လည်းဖြစ်တယ် ပြီးတော့ ပထဝီအနေအထားကို မကျွမ်းကျင်တာလည်း ပါတာပေါ့။ နောက်ပြီးတော့ စစ်ခေါင်းဆောင်တွေက တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးစီးပွားအတွက် စစ်ထဲဝင်တဲ့လူတွေကအများစုဆိုတော့ ဒီလိုကျဆုံးတာဖြစ်တယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည််။
အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PNLA က ထုတ်ပြန်သည်။
ထို့အပြင် စစ်ကောင်စီသည် ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးတပ်စွဲကာ မဲနယ်တောင်ဒေသ နှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် တနေကုန်နီးပါးဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း PNLA က အသိပေးသည်။
ယမန်နေ့တွင်ပင် ဆီဆိုင်မြို့တွင်းကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို အသက်ပေး ကာကွယ်ပေးနေရသည့် မိမိ၏ လုပ်ရပ်ကို ဦးနှောက်ကြီးကြီးဖြင့် သေချာသုံးသပ်စဉ်းစားပြီး စစ်အာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLA က ထပ်မံတိုက်တွန်းသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်
တန်တန် ဆုချီးမြှင့်မည်ဟု အသိပေးထားသည်။
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသောလက်နက်များ
နှင့် တိုက်ပွဲအပြီး မြင်ကွင်း။ ဓါတ်ပုံ-PNLA)