နံနက်ခင်း မဂ်လာသတင်းလေး နဲ့စဖွင့်

ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း ၉ ခုထက်မနည်း သိမ်းပိုက်ရရှိသော KIA ဦးဆောင်သည့် တိုက်ပွဲများတွင် AA က ပါဝင်တိုက်ခိုက်နေ၊ ရခိုင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်

ရန်ကုန်၊ မတ် ၈

ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း ၉ ခုထက်မနည်း သိမ်းပိုက်ရရှိသော KIA ဦးဆောင်သည့် တိုက်ပွဲများတွင် AA က ပါဝင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် AA က ယမန်နေ့ညပိုင်း တရားဝင်သတင်းထုတ်ပြန်သည်။

မတ်လ ၇ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ၎င်း၏ ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြိုအနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် ၉၃၆ ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိင့် ၂၅၉ လေယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချို့တို့ကိုလည်း တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း၊ ရက္ခိုင့်တပ်တော်အနေဖြင့်လည်း အဆိုပါထိုးစစ်များတွင် မဟာမိတ် (KIA) နှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်များကို ဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။

တချိန်တည်းတွင်ပင် ကချင်ပြည်နယ်၊ ဗန်း‌မော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀၃ တပ်ရင်း၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ စစ်တပ်၏ ပွိုင့် ၆၁၁ (Ntap Bum) စခန်းကုန်းများကို ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့်အပြင် လေကြောင်းမှပါ တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို ပြည်သူ့ဆေးရုံအနီးသို လက်နက်ကြီးထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့် ထိစပ်နေသည့် တရုတ် နယ်စပ်မြို့ဘက်သိုလည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်း ယမန်နေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ စခန်း ၉ ခုထက်မနည်းကို KIA ဦးဆောင်ပါဝင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့ များရှိ စစ်တပ်လက်ကျန်စခန်းအချို့ကို ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ ရသေ့တောင်မြိုအခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ ၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ ” တို့ကို ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံလျက်ရှိသော်လည်း ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူရန် ဆက်လက်ကြိုးပမ်းလျက် ရှိကြောင်း သိရှိရသည်။

ထို့အတူ ရမ်းဗြဲမြို တိုက်ပွဲများအတွင်း စစ်တပ်၏ မြိုတွင်းလက်ကျန်အင်အာ;နှင့် စစ်ကူအင်အားများကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းလျက်ရှိကြောင်း ထိုအတူ ကစဉ့်ကလျား ထွက်ပြေးနေကြသည့်စစ်သားများကိုလည်း ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *