ရွှေစျေးတွေထပ် တပ်ပြန်ဘီ ဗျို့😳😳😳😳

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၁ သိန်းနီးပါးရှိလာပြီး စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်အကြာ ရွှေစျေး တစ်ကျပ်သားလျှင် ငွေကျပ် ၂၈ သိန်းနီးပါး ထိုးတက်သွားခဲ့

■ စစ်အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အခေါက်ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်သာရှိခဲ့

ရန်ကုန်၊ မတ် ၁၁ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် မီးလင်းရွှေ (ခေါ်) ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၁ သိန်းနီးပါး စျေးထိုးတက်လာကြောင်း ရန်ကုန်ရွှေကုန်သည်များက ပြောဆိုသည်။

ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ရွှေစျေးသည် အမြင့်ဆုံး ထိုးတက်နေသကဲ့သို့ မြန်မာ့ရွှေစျေးမှာလည်း လိုက်ပါ မြင့်တက်နေကြောင်း၊ ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၁၉၅ အထိ အမြင့်ဆုံးတက်လာကြောင်း၊ လက်ရှိတွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၁၈၂ ပတ်ဝန်းကျင်ရှိကြောင်း၊ မြန်မာ့ရွှေစျေးမှာလည်း ကမ္ဘာ့ရွှေစျေးနှင့်အတူ လိုက်ပါမြင့်တက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေစျေးက အခု မီးလင်းရွှေက ၄,၀၆၅,၀၀၀ ။ ၄၁ သိန်းနားကိုကပ်လာပြီ။ ၄၁ သိန်းတော့ ကျော်သွားမယ်လို့ မျှော်လင့်ရတယ်။ အခုက စျေးသာတက်ပေမယ့် စစ်တပ်ကို ကြောက်လို့ ဘယ်သူမှ သိပ်အရောင်းအဝယ်ကြီးကြီးမားမား မလုပ်ဘူး။ ကြိတ်ရောင်းကြိတ်ဝယ်ပဲ။ ရွှေဆိုင်မှာတော့ သူ့ဟာသူ အရောင်းအဝယ်ရှိမှာပေါ့။ မီးလင်းစျေးကွက်မှာတော့ စသုံးလုံးနဲ့ စရဖတွေ လာမှာစိုးလို့ အကုန်လုံး ငြိမ်နေကြတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

စစ်အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၃ သိန်း ၂ သောင်းကျပ် ဝန်းကျင်သာ စျေးရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရွှေစျေးများ တဟုန်ထိုးမြင့်တက်ခဲ့ကြောင်း၊ အာဏာသိမ်းမတိုင်ခင်က စျေးနှုန်းနှင့် နှိုင်းယှဉ်လျှင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၈ သိန်းနီးပါး ထိုးတက်သွားခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“နိုင်ငံရေးက ကောင်းလာဖို့မရှိတော့ ရွှေစျေးကလည်း တက်ဖို့ပါပဲ။ လူတွေကလည်း ကျပ်ငွေကို မကိုင်ကြတော့ဘူး။ ရွှေဝယ်တယ်။ ဒေါ်လာဝယ်တယ်။ ထိုင်းဘတ်ဝယ်တယ်။ ဘန်ကောက်မှာ ကွန်ဒိုဝယ်တယ်။ စီးပွားရေးစနစ်တစ်ခုလုံးကတော့ ပျက်နေပါပြီ” ဟု ရန်ကုန်ရွှေကုန်သည်က ဆက်လက်ရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *