လေကျယ်တဲ့ငါးတေထာင်စားတွေ ဘယ်ပြေးကြလဲ

ညောင်တုန်းမြို့နယ်ရှိ စစ်တပ်ထောက်ခံသူများက စစ်မှုထမ်းရန် ဆန္ဒအလျှောက်စာရင်း ပေးထားပြီး အမှန်တကယ်စာရင်းသွားယူစဉ် တစ်ယောက်မကျန်ထွက်ပြေး

မတ်လ ၁၃

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ စစ်တပ် ထောက်ခံသူများ စစ်မှုထမ်းရန် ၎င်းတို့ဆန္ဒအရ စာရင်းပေးသွင်းထားပြီး စစ်ကောင်စီက အမှန်တကယ်ဆင်း၍ စာရင်းသွားကောက်ရာတွင် နေအိမ်များမှ တစ်ယောက်မကျန် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်ရှိ ရပ်ကွက် (၆) ၊ ရပ်ကွက် (၈)နှင့် တာကွေ့ ကျေးရွာများမှ စစ်မှုထမ်းရန် စာရင်းပေးထားသူများကို ယမန်နေ့ မတ်လ ၁၂ရက်နေ့က စစ်‌ကောင်စီ၏ ရပ်ကွပ်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက စာရင်းသွင်းရန် လာရောက် ကောက်ခံရာ စစ်တပ်ထောက်ခံသူများ နေအိမ်များမှ ရှောင်ပုန်းနေကြကြောင်း ညောင်တုန်းမြို့ ဒေသခံများထံက သိရသည်။

“စစ်မှုထမ်းစာရင်းကောက်တာက အိမ်တိုင်းကို လာကောက်တာ မဟုတ်သေးဘူ။ စစ်တပ်ထောက်ခံပြီး ‘ငါတို့ကစစ်မှုထမ်းမှာကွ’ ဆိုပြီး လျှာရှည်စာရင်းပေးထားတဲ့ လူတွေဆီအတည်ပြု စာရင်းလာယူတာလို့ပြောတယ်။ တကယ်လာယူတော့ တစ်ယောက်မကျန် ထွက်ပြေးကြတယ်တဲ့” ဟု ရပ်ကွက် (၈) နှင့် နီးစပ်သည့် ဒေသခံက ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် စစ်မှုမထမ်းမနေရ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို အတည်ပြုခဲ့ပြီးနောက် စစ်တပ်ထောက်ခံသူအချို့သည် စစ်မှုထမ်း ဥပဒေကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့ကာ စစ်မှုထမ်းရန် စာရင်းများ ပေးသွင်းခဲ့ကြောင်းသိရသည်။

ပြည်သူ့စစ်မှု ထမ်းများခေါ်ယူရေး ကော်မတီပါဖွဲ့စည်းပြီး စစ်မှုမထမ်းမနေရ နည်းဥပဒေ နှင့် ရောက်လာမည့် သူများကို ထားရှိရန် ဆိုင်ရာတပ်များအတွင်း အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်သည်ကို တွေ့လာရပြီးနောက် စစ်မှုထမ်းရန် စာရင်းပေးထားသူများ ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ယခုရက်သတ္တပတ်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွနှင့် မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း အပါအဝင် မြို့နယ် ၂၇မြို့နယ်ကို စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို လိုက်လံကောက်ယူနေကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့၃နယ်များတွင်လည်း ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးစစ်ဆေးမှုများကို နေ့စဉ်နီးပါး ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုံစာ- ပုသိမ်မြို့တွင် ဇန်နဝါရီလ ၁၆ရက်နေ့က လူအင်အား၁၀၀၀ခန့်ဖြင့် ပြုလုပ် ခဲ့သည့် စစ်မှုထမ်းဥပဒေထောက်ခံပွဲ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *