သတင်းထူး အဘတော့ပြေးပေါက်ရှာနေလောက်ပီး

ကိုးကန့်ဒေသတွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လက် အပါအဝင် စစ်တပ်စခန်းများကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မမှူး ၁ ဦး အပါအဝင် စစ်သား ၁၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လက် အပါအဝင် စစ်တပ်စခန်းများကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မမှူး ၁ ဦး အပါအဝင် စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း MNDAA ၏ ပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ နှင့် တုန်းရှမ်းဒေသတွင်ရှိသော စစ်တပ်၏ တပ်စခန်း ၂ ခုကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း အကြီး အသေး စုစုပေါင်း ၁၁၉ ခုကို အောင်မြင်စွာ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီခန့်တွင် ရှီးရှမ်းဒေသ ၊ တာရွှေထန်နေရာ၌ရှိသော စစ်ကောင်စီ၏ နံပါတ် ၁၁ စခန်းကို MNDAA က စတင်ထိုးစစ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၎င်းတပ်စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း၊ လက်ရှိ တာရွှေထန်ဘက်တွင် တိုက်ပွဲ ဆက်လက်ဖြစ် ပွား နေဆဲဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ် က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ တာရွှေ ထန်ရွာ အုပ်စု၊ နန်ကော်ကျေးရွာအနီးရှိ ကျင်စန်းတောင်အောက်ချသို့ကျရောက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက် ၇ နာရီ ၇ မိနစ်တွင် တုန်းရှမ်းဒေသ ၊ ပန်းဝါနေရာတွင်ရှိသော စစ်ကောင်စီစခန်းကို ကိုးကန့် (MNDAA) က စတင်ထိုးစစ်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် ၎င်းစခန်းကို အပြီး သိမ်းယူ နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့ ၂ ရက်တိုက် စစ်ကောင်စီ၏ မုံးကိုးဗျူဟာကုန်းကို MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်နိုင်ခြင်းမရှိသဖြင့် ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် MNDAA နှင့် မုံးကိုးလုံခြုံရေး အဖွဲ့တို့ ပူးပေါင်းကာ ဒရုန်း၏ ပစ်ကူမှုဖြင့် ၎င်းဗျူဟာကုန်း ကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ အချိန် အချိန်တွင် အောင်မြင်စွာသိမ်း ပိုက် နိုင်ခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲရှိ ဟောင်ဝစ်ဇာ အမြောက် ၂ လက်ကို ဖျက်ဆီးခဲ့ပြီး EE-9 ဘီးအမျိုးအစား သံချပ်ကာ ယာဉ် ၁ စီးကိုသိမ်းယူခဲ့ကြောင်း၊ MNDAA၏ အခြားစစ်ကြောင်းများက စစ်ကောင်စီ၏တပ်စခန်းများကို ထိုးစစ်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက် နံနက် ၄ နာရီခန့်တွင် သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ် ကောင်စီ၏ လက်နက်ကြီးစခန်းနှင့် ဗျူဟာကုန်းများကို ကိုးကန့်(MNDAA )နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပူးတွဲပြီး ထိုးစစ်တိုက်ခိုက်ခဲ့ရာ ညအချိန်အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ တပ်စခန်း အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အချို့ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုးကန့်ခရိုင်၊ ရှင်းဝမ်ဒေသ၊ ရှင်ဟွာကျေးရွာအုပ်စုရှိ တုံရပ်ထန်ပေါက်ပေါက်တောင်ကုန်း နှင့် ကျင်ဖိုင်ဟော် တပ်စခန်းများ၊ တုန်းရှမ်းဒေသရှိ ရှင်ရွှေထန်တပ်စခန်း နှင့် ဟုန်ရှင်း(မော့ထိုက်)ဒေသ ၊ ရှင့်ထန်ကျေးရွာအုပ်စုရှိ လုံခိုင်ချင်ရှူဖင်ကျန်တပ်ခစန်းများကိုလည်း တချိန်တည်း ထိုးစစ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက် မွန်းလွဲ ၁ နာရီခန့်က ကိုးကန့်ခရိုင်၊ တာပတုနေရာရှိ စစ်ကောင်စီတပ်စခန်းကို ထိုး စစ်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီအချိန်ထိ တိုက်ပွဲများဆက်တိုက်ပြင်းထန်နေခဲ့ပြီး လက်ရှိ အချိန် အထိ တာပတုတံတား ၏ တစ်ဖက်ခြမ်း ပန်းလုံတောင်ဘက်ကို သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက် နံနက် ၅ နာရီအချိန်တွင် စစ်ကောင်စီ၏ ပန်းလုံတောင် ဗျူဟာကုန်းကို MNDAA မှ ဒရုန်းဖြင့် ဦးစွာပစ်ခတ်တိုက်ခိုက်ပြီးနောက် ရက္ခိုင့်တပ်တော်(AA)နှင့်ပူးတွဲပြီး မြေပြင်မှ ခြေလျင် ထိုးစစ် ဆင် တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ပန်းလုံတောင်အနီးရှိ တပ်စခန်းကို သိမ်းယူနိုင်ခဲ့ ကြောင်း၊ ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် ပန်းလုံဗျူဟာကုန်းကို လုံးဝသိမ်းယူနိုင်ခဲ့ပြီး စစ်ပစ္စည်းအချို့ လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်မှ စတင်ကာ မုံးကိုးဒေသ၌ အခြေချနေထိုင်သော စစ်ကောင်စီ၏ ဗျူဟာကုန်းကို ကိုးကန့်(MNDAA)မှ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့ တစ်နေ့လုံးလည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မြေပြင်မှလည်းတစ် ကြိမ် ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ချိန်တွင် ၎င်းဗျူဟာကုန်းရှိ ခဲယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲခဲ့ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်း တပ်မမှူး တစ်ဦး တိုက် ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၆ နာရီ ၃၈ မိနစ် မှ ၇ နာရီအချိန်အထိ စစ်ကောင်စီ၏ စကခ ၁၆ ဌာနချုပ်နှင့် မီတာ ၂၀၀ အကွာ နေရာတွင် စစ်ကူလာသောစစ်ကောင်စီ အင်အားတစ်စုကို MNDAA မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည့် အပြင် မွန်းလွဲ ၁ နာရီ ၂၄ မိနစ်တွင် မူပန်(သိန္နီ)ခရိုင် ၊ ဟိုပင်ကျေးရွာအုပ်စု ၊ မိုင်းတင်လက်ဖက်တောင်ကုန်းရှိ စစ်ကောင်စီစခန်းကို လက်နက်ကြီးဖြင့် ၁ ကြိမ် ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *