မန္တလေးမြို့ကို သိမ်းပိုက်မည့် ရွှေပြည်စိုး စစ်ဆင်ရေး စတင်ပြီဟု ကြေညာ

မန္တလေးမြို့ကို သိမ်းပိုက်မည့် ရွှေပြည်စိုး စစ်ဆင်ရေး စတင်ပြီ ဖြစ်ကြောင်း မန္တလေး ညီနောင်တပ်ပေါင်းစုက ပြည်သူများကို အသိပေး

■ စစ်တပ်၏ ပလစ ၂ တပ်ဝင်းနှင့် ယာဉ်သိုလှောင်တပ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲပြီး တောင်သမန်တွင် အောင်လံစိုက်ထူ၍ စစ်ဆင်ရေး စတင်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မန္တလေးမြို့ကို သိမ်းပိုက်မည့် ရွှေပြည်စိုး စစ်ဆင်ရေး စတင်ပြီ ဖြစ်ကြောင်း မန္တလေး ညီနောင်တပ်ပေါင်းစုက မန္တလေးမြို့ထဲတွင် စာရွက်များကျဲပြီး ပြည်သူများကို အသိပေးခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၄ တပ်ရင်းမှူး ဗိုလ်တာတေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရွှေပြည်စိုးစစ်ဆင်ရေးကို စတင်သည့် အနေဖြင့် မန္တလေးမြို့၊ သဘာဝပတ်ကျင် ထိန်းသိမ်းရေး မန္တလေးတိုင်းရုံး၏ အရှေ့ဘက်ရှိ အမှတ် ၂ ပင်မ အလုပ်ရုံ လျှပ်စစ်ဌာနနှင့် တမာတန်းရှိ ယာဥ်သိုလှောင်ရေး တပ်ဝင်းထဲကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် တောင်သမန်လမ်းမပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF အလံတော်ကိုလည်း စိုက်ထူခဲ့ကြောင်း သိရသည်။

“ရွှေပြည်စိုးစစ်ဆင်ရေး ဒီနေ့ စတင်ပါပြီ၊ အခုလက်ရှိ မန္တလေးမြို့ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန မန္တလေးတိုင်းရုံးရဲ့ အရှေ့ဖက် ပလစ ၂ စစ်တပ်ဝန်းထဲကို ဗုံးကျဲပြီး တမာတန်းထိပ်က ယာဉ်သိုလှောင် ရေးတပ်ထဲကို လေယာဉ်ထိုးချထားပါတယ်၊ စစ်ခွေးတွေဖက်က အထိအခိုက် အပျက်စီးတော့ရှိပါတယ်၊ အတိကျတော့ မသိရသေးပါဘူး၊ တဆက်တည်းမှာပဲ တောင်သမန်မှာ အောင်လံလည်းစိုက်ထူနိုင်ခဲ့ပါ တယ်။ ပြည်သူတွေကို ရွှေပြည်စိုးစတင်လိုက်ပြီဆိုတဲ့အကြောင်းနဲ့ စကစ အထိုင်စခန်းတွေ၊ ဂိတ်စခန်းတွေနဲ့ ပြည်သူတွေ ဝေးဝေးနေဖို့ သွယ်ဝိုက် သတိပေးတဲ့အနေနဲ့ တောင်သမာန် ကန်ပတ်လမ်းတလျှောက်မှာ စာရွက်တွေကျဲချသတိပေးခဲ့တယ်” ဟု မန္တလေးခရိုင် တပ်ရင်း ၄ တပ်ရင်းမှူး ဗိုလ်တာတေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါစစ်ဆင်ရေးကို မန္တလေးညီနောင်တပ်ပေါင်းစုဖြစ်သည့် မန္တလေးခရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၅ နှင့် တပ်ရင်း ၆ တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရွှေပြည်စိုးစစ်ဆင်ရေးစတင်လိုက်သည်ကို မိဘပြည်သူများအား အသိပေး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *