ချင်းတွင်းမုန့်ဟင်းခါး

ကနီတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်သင်္ဘောများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၃ ကြိမ်တိုင်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံး

ဧရာဝတီတိုင်းမ်

(ကနီ)၊ အောက်တိုဘာလ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာသည့် စစ်ကောင်စီစစ်သင်္ဘော ခုနစ် စီးနှင့် အလယ်ကျွန်းပျူရွာရှိစစ်ကောင်စီစခန်းကို ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့က KLG PDF (ကျောက်လုံးကြီး)အဖွဲ့နှင့် ပူးပေါင်း အဖွဲ့က သုံးကြိမ်တိုင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာသည့် အင်အား ၁၅၀ ပါ‌ထောက်ပို့ စစ်‌သင်္ဘော ခုနစ် စီးအား နံနက် ၁၁ နာရီတွင်တစ်ကြိမ်၊ နေ့လယ် ၁ နာရီတွင်တစ်ကြိမ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော မောင်းသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အဲ့ဒီ သင်္ဘော ခုနစ် စီးပေါ်မှာ ပျူရယ်၊ စစ်သား(စစ်ကောင်စီတပ်သား)ရယ်၊ ရှမ်းနီတွေရယ်က ပြည်သူပိုင် ပစ္စည်းတွေ အကုန်ယူတာ။ ကနီမြို့နယ်ထဲက မိချောင်းတွင်းရွာမှာ မနေ့က (အောက်တိုဘာလ ၂၉ ရက်) ညအိပ်ခဲ့ပြီး ရွာထဲမှာရှိသမျှ ပြည်သူပိုင်ပစ္စည်းတွေ အကုန်ယူတယ်ဗျ။ ဆိတ်တွေ နွားတွေပါမကျန် အကုန်ယူကြတာ။ သူတို့မထင်တဲ့ နေရာမှန်သမျှ လမ်းတစ်လျှောက်လုံးကိုလည်း အကုန်ပစ်တာဘဲ။ အခုတော့ ကနီမြို့မှာ ကပ်ထားတယ်။ ပျူရွာကိုက မနက် ၂ နာရီမှာ ဒရုန်းနဲ့ ဗုံးသီး သုံးလုံးကြဲချပြီး တိုက်ခိုက်ခဲ့တယ်” ဟု KLG PDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးတပ်ဖွဲ့များ စခန်းချရာ အလယ်ကျွန်း ပျူရွာကိုလည်း ဒရုန်းဖြင့် ဗုံးသီး သုံးလုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်မှုများကို သိရခြင်းမရှိသော်လည်း နေအိမ်ထိခိုက်ပျက်စီးမှုများ ရှိနိုင်ကြောင်း သိရသည်။

ကနီမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ကလည်း အလယ်ကျွန်းပျူရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း KLG ၊ PDF ထံကသိရသည်။

ဓာတ်ပုံ – KLG PDF

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *