ဖားကန့်ဆယ်ဇင်းတွင်စစ်ကောင်စီနှင့် SNAပူးပေါင်းတပ်စခန်း ၃ခုကို ယနေ့မနက်တွင် KIA/PDF သိမ်းပိုက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းတပ် စခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ယနေ့မနက်တွင်တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ဆယ်ဇင်းဒေသခံအချို့နှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
နိုဝင်ဘာ ၉ရက် နံနက် ၂နာရီ ၄၀ခန့်မှစ၍ အဆိုပါ တပ်စခန်းများကိုတိုက်ခိုက်ခဲ့ရာ နံနက် ၇နာရီခွဲဝန်းကျင်တွင် စခန်းသုံးခုစလုံးသိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။
“ဆယ်ဇင်း အောက်ဘက်က သံယောဇဉ်ကုန်းရယ် ၊အောက်ကုန်းရယ်၊ကြိုးတံတားရယ်ကို ဒီဘက် KIAနဲ့PDFက သိမ်း
ပိုက်လိုက်ပြီ။စခန်း ၃ခုပါ။ သူတို့ အတော်ကျမှာပါ။ စကစရယ် SNA ရယ်ပူးပေါင်းစခန်းတွေပါ။ အခုလိုသိမ်းလိုက်တော့ဝမ်းသာတယ်။ SNA ရော စစ်ကောင်စီရောက ပြည်သူကိုဒုက္ခပေးနေတာ” ဟု ဆယ်ဇင်းဒေသခံက ပြောသည်။
ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်ကလည်း “ ဒီမနက် ၂နာရီကနေ ၇နာရီခွဲအတွင်း ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ SNAနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်စခန်းများဖြစ်တဲ့ ရွှေပြည်မြင့်/သံယောဇဉ်ကုန်း အပေါ်နဲ့အောက်၊ ပန်ရှီးကြိုးတံတားစခန်း အဲဒီ စခန်း ၃ခုကို KIA တပ်မဟာ(၉) လက်အောက် တပ်ရင်း (၂၆)နဲ့ ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ SNAနဲ့ စကစ စစ်တပ် အကျအဆုံးများပြီးထွက်ပြေးသွားကြတယ်”ဟု ပြောသည်။
ယနေ့စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်များက ဟုမ္မလင်းဘက်ဆုတ်ခွာသွားသည်ဟု ကြားသိရကြောင်း ဒေသခံက ပြောသည်။
အဆိုပါဒေသတွင်စစ်ကောင်စီတပ်စခန်း အချို့ ကျန်နေသေးကြောင်းသိ့ရသည်။
ဆယ်ဇင်းဒေသ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှု၊စစ်ကောင်စီတပ်သေဆုံးထိခိုက်နှင့် လက်နက်ခဲယမ်းသိမ်း
ဆည်းရရှိမှု အခြေအနေအသေးစိပ်ကို People’s Spring ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
(KIA နှင့် KPDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KIA)