နိုင်ငံတစ်ဝန်းမှ ပြည်သူများ “အောင်သပြေ လူထုလှုပ်ရှားမှုကြီး” တွင် ပါဝင်နေကြပြီ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ယနေ့ ကျရောက်သည့် တစ်လေးလုံးနေ့ “အောင်သပြေ လူထုလှုပ်ရှားမှုကြီး”တွင် နိုင်ငံတစ်ဝန်းမှ ပြည်သူများ ပါဝင်နေကြပြီဖြစ်ကြောင်း သိရှိရသည်။
ပြည်သူများက သပြေပန်းကို ပန်ဆင်ခြင်း၊ ရင်တွင် ထိုးခြင်း၊ ကိုင်ဆောင်ခြင်း၊ ဘုရားတွင် တင်ခြင်း၊ လှူခြင်း၊ စားပွဲမှာ တင်ခြင်း၊ အိမ်ရှေ့ ကပ်ဆွဲခြင်း၊ သပြေပန်း ကိုင်ဆောင်ပြီး လူထုသပိတ်များ ဆင်နွှဲခြင်း အစရှိသည့် အဆင်သင့်ရာ လှုပ်ရှားမှုများကို ကြိုက်နှစ်သက်သလို ဖော်ဆောင်နိုင်ပြီး အခြေအနေပေးသည့် ပြည်သူများအနေနှင့် ဒီလှုပ်ရှားမှု ပုံရိပ်များကို အွန်လိုင်း လူမှုကွန်ရက်များတွင် မျှဝေကြနေကြပြီဖြစ်သည်။
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် ယနေ့ အောင်သပြေ ရောင်းဝယ်မှုများကို တားဆီးရန် စစ်ကောင်စီက ရဲ၊ စစ်တပ်၊ စည်ပင်နှင့် ထွေအုပ်များကို ညွှန်ကြားချက် ပေးထားကြောင်း သိရှိရသည်။
“ဒီနေ့ ရန်ကုန်မှာ စမ်းချောင်း နဲ့ ရန်ကင်း မြို့နယ်တွေမှာ သပြေပန်းမရောင်းရဘူးလို့ စည်ပင်နဲ့ ရယကတွေ လိုက်လံတားမြစ်နေပါတယ်။ ဈေးသည်တွေကို နှုတ်နဲ့တားမြစ်ထားတာပါ။ ၀ယ်ထားပြီးသားသပြေပန်းတွေရှိရင်လည်း မနက်ဖြန်မရောင်းရဘူးလို့ပြောတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှ အောင်သပြေတွေ ပြန်ရောင်းရမယ်ဆိုပြီး တားမြစ်ထားပါတယ်” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်တိုင်း သုံးခွမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စည်ပင်၊ ရဲနှင့် စစ်တပ်က အောင်သပြေများ ရောင်းချမှု မရှိစေရန် ၊ အောင်သပြေ လူထုလှုပ်ရှားမှု မပြုလုပ်နိုင်ရန် လိုက်လံ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။