ရန်ကုန်ကတော့မင်းမဲ့စရိုက်တွေကြီးစိုးနေပီ

ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ယုဇန ၉၄ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နှင့် ပျူအဖွဲ့က အပြစ်မဲ့ လူငယ် မောင်စောကိုကိုထက်ကို ဓားဖြင့် ထိုးသတ်ပြီး အလောင်းဖျောက်ဖျက်ရန် ကြိုးပမ်း၊ ရဲက အမှုဖွင့်သော်လည်း အရေးမယူ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇန ၉၄ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နှင့် ပျူစောထီးအဖွဲ့က အပြစ်မဲ့ လူ ငယ် မောင်စောကိုကိုထက်ကို ဓားဖြင့် ထိုးသတ်ပြီး အလောင်းဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့ပြီး ကျန်ရစ်သူမိသားစုက ရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်ထားသော်လည်း အရေးယူမှုမရှိကြောင်း‌ ဒေသပြည်သူများက ပြောဆိုသကြသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီအချိန် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇန ၉၄ ရပ်ကွက်တွင် လူငယ် မောင်စောကိုကိုထက်သည် လမ်းလျှောက်ပြန်လာကြောင်း၊ ထိုစဉ် ယုဇန ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နှင့်ပျူစောထီးအဖွဲ့က လူငယ် မောင်စောကိုကိုထက်ကို အကြောင်းမဲ့ ဝင်ရောက်ရိုက်နှက်ပြီး ငှက်ကြီးတောင်ဓားဖြင့် တစ်ချက်တည်း ထိုးသတ်ခဲ့ကြောင်း၊ ယင်းနောက် အလောင်းကို ယုဇန အမှတ် ၉၄ ရပ်ကွက်ရုံးသို့ သယ်ဆောင်ပြီး မောင်စောကိုကိုထက်တွင် ပါရှိသည့် ရွှေ၊ ငွေများကို ချွတ်ယူကြောင်း၊ ကျန်ရစ်သူမိသားစုက သတင်းကြား၍ ရပ်ကွက်ရုံးသို့ လိုက်သောအခါမှ အလောင်းကို ပြန်လည်ရရှိကြောင်း သိရှိရသည်။

“အုပ်ကြီးခင်မောင်ဇင်နဲ့ ပျူစောထီးအဖွဲ့က မောင်စောကိုကိုထက်ကို ဓားနဲ့ထိုးသတ်တယ်။ စောကိုကိုထက် မနေ့ည ၉ နာရီလောက် အိမ်ပြန်လာရာမှာ ၁၂ လမ်းဘီလမ်းကြားမှာ အုပ်ကြီးနဲ့အဖွဲ့က ၀ိုင်းရိုက်ပြီး ငှက်ကြီးတောင်ဖြင့်ထိုးသတ်ခဲ့ပါတယ်။ စောကိုကိုထက်က အင်ကြင်းလမ်းဘီမှာ နေထိုင်သူပါ။ စောကိုကိုထက် ၏ရုပ်အလောင်းအား လူမသိရန် ဖျောက်ဖျက်ဖို့ကြံစည်ခဲ့ပေမယ့်လည်း ရုံးကိုသယ်ဆောင်သွားချိန် မိသားစုဝင်တွေက အပြေးလိုက်လာကြတယ်။ အလောင်းမှာရှိနေတဲ့ ရွှေထည် နှင့်အဝတ်စားများချွတ်လဲပြီး ဖျောက်ဖျက်ဖို့လုပ်တယ်။ ရွှေထည်ကတော့ ပြန်မရပါဘူး။ အခုသေဆုံးတဲ့ မောင်စောကိုကိုထက်က နိုင်ငံခြားထွက်ရန် ရက်အနည်းငယ်သာလိုပါတော့တယ်။ ကောင်လေးက အသက် ၂၈ နှစ်ပါ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အသတ်ခံရသူ မောင်စောကိုကိုထက်၏ ဖခင်ဖြစ်သူမှာ လမ်းမှူးဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်လှစ်ထားကြောင်း၊ သို့ရာတွင် လက်ရှိအချိန်အထိ အရေးယူမှုမရှိသေးဘဲ သတ်ဖြတ်ခဲ့သူ အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်သည် စစ်ထောက်လှမ်းရေးဟောင်းဖြစ်ကြောင်း သိရှိရသည်။

” အခုရဲက မဖမ်းသေးဘူး။ သတ်တဲ့ ပျူတွေအကုန်ပြေးကုန်ပြီ။ အုပ်ကြီးခင်မောင်ဇင်က စစ်ထောက်လှမ်းရေးဟောင်းပါ။ အသတ်ခံရတဲ့ ကောင်လေး မိသားစုဆိုတာကလည်း ကြံခိုင်ရေးကို အားပေးထောက်ခံခဲ့တဲ့ မိသားစုဆိုတာတော့အားလုံးအသိပါ။ အသတ်ခံရတဲ့ ကောင်လေးအဖေက လမ်းမှူး ပါ။ ကောင်လေး အဘိုးက စစ်တပ်က အငြိမ်းစားယူထားသူပါ” ဟု ဒေသပြည်သူက ဆိုသည်။

အသတ်ခံရသူ မောင်စောကိုကိုထက်၏ မိသားစုဝင်များက ၎င်းတို့၏သား သတ်ဖြတ်ခံရမှုသည် ပျူစောထီးအဖွဲ့၏ ရမ်းကားသတ်ဖြတ်မှုကြောင့် ဖြစ်ကြောင်း ဆိုင်းဘုတ်ဖြင့် တရားဝင် နာရေးကြေညာထားကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *