ခဝေးတွေကိုရှင်းထုတ်ပီး ကွမ်းလုံမြို့အားအပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA အသိပေး(ရုပ်သံ)

ကွမ်းလုံမြို့အားအပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA အသိပေး

▪️တင့်ကားနှင့် သံချပ်ကာယာဉ် ၃စီး၊ စစ်ကားအများအပြားနှင့် လက်နက်ခဲယမ်းများစွာ ရရှိကြောင်း အသိပေး

နိုဝင်ဘာလ ၁၂ ရက်

ကိုးကန့်တပ်မတော်(MNDAA)နှင့် ညီနောင်မဟာမိတ်အဖွဲ့တို့မှ ကွမ်းလုံမြို့အား အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAAက ယနေ့ ညနေပိုင်းတွင် အသိပေး ထုတ်ပြန်သည်။

ကွမ်းလုံမြို့ကို ပြီးခဲ့သည့်ရက်ပိုင်းကတည်းက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သော်လည်း ယနေ့ ညနေပိုင်း၌ အပြီး အပိုင်သိမ်းပိုက်နိုင်မှုကိုထပ်မံ အသိပေးလာခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၀ရက်ကတည်းက ကွမ်းလုံ၌ နောက်ဆုံးကျန်နေသည့် ဗျူဟာကုန်းနှင့် လက်နက်ကြီးကုန်းကို MNDAA တပ်က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တွင် ဗျူဟာကုန်းမှ ဆုတ်ခွာထွက်ပြေးသွားသည့် ဗျူဟာမှူးနှင့်အဖွဲ့ကို သံလွင်မြစ် ရေလည်ကျွန်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်လာခေါ်သွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကွမ်းလုံမြို့သိမ်းပိုက်နိုင်ကြောင်း ရုပ်သံမှတ်တမ်းကိုလည်း ထုတ်ပြန်ခဲ့ရာ MNDAAနှင့် မဟာမိတ်များက စစ်ကောင်စီတပ်ရင်းဌာနချုပ်နေရာတစ်ခုအတွင်းဝင်ရောက်ခဲ့မှု၊ အဆိုပါ တပ်နေရာမှ တင့်ကား ၂စီး၊ စစ်ကားအများအပြားနှင့်ခဲယမ်းကျည်များစွာ သိမ်းဆည်းရရှိခဲ့မှု၊ ကွမ်းလုံရဲစခန်းသိမ်းပိုက်နိုင်မှု၊ မြို့ပေါ်ကိုထိန်းချုပ်ထားနိုင်မှု၊ အခြားတပ်နေရာတစ်ခုမှ စစ်ကောင်စီတင့်ကားတစ်စီးကို သိမ်းဆည်းနိုင်မှု အခြေအနေများကို ဖော်ပြထားသည်။

အဆိုပါ တင့်ကားများ ကွမ်းလုံတွင်ထပ်မံ သိမ်းဆည်းနိုင်သည့် အခြေအနေကို တိကျစွာ သိရှိနိုင်ရန် MNDAA ထံသို့ဆက်သွယ်မေးမြန်းခဲ့ရာ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက “ဒီဗီဒီယိုမှာပါတဲ့ ပစ္စည်းတွေ အားလုံးက သိမ်းပိုက်ရရှိထားတဲ့ ပစ္စည်းတွေ ပါ”ဟု ယနေ့ ညနေပိုင်း၌ ဖြေကြားသည်။

ကွမ်းလုံမြို့ကို လုံး၀ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ အားလုံးကို ရှင်းထုတ်လိုက်ပြီဖြစ်ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယခင်ကလည်း ကိုးကန့်တပ်အပါအဝင် ညီနောင်မဟာမိတ်များက တိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်၏ တင့်ကားနှင့်သံချပ်ကာယာဉ် ၈စီးရှိခဲ့သည်။ ယခု ကွမ်းလုံမှရရှိသည့် သံချပ်ကာနှင့် တင့်ကား ၃စီးထပ်မံသိမ်းပိုက်နိုင်ခဲ့၍ စုစုပေါင်း ၁၁စီးကိုသိမ်းပိုက်ရရှိထားကြောင်း ညီနောင်မဟာမိတ်တပ်များ၏ထုတ်ပြန်ချက်အရ သိရသည်။

MNDAAနှင့် မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ရက်မှ ယနေ့ နံနက်အထိ စစ်ကောင်စီတပ်စခန်း ၁၇၁ခုထက်မနည်းကိုသိမ်းပိုက်ထားနိုင်ပြီး လေယာဉ်ပစ်စက်သေနတ်များ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးနှင့် အခြားလက်နက်ကြီးများ၊ စက်သေနတ်များ အပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းထားနိုင်ခဲ့သည်။

ထို့ပြင် ညီနောင်မဟာမိတ်တပ်များသည် ကွမ်းလုံ၊ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ပန်ဆိုင်း၊ သိန္နီမြိုကများကို အပြီးအပိုင်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပြီး နမ့်ခမ်းအပါအဝင် မြို့အချို့ကိုလည်း စီးနင်းတိုက်ခိုက်လျက်ရှိသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *