တပ်တွင်းကျန်ရှိသူများအမြင်မှန်ရသင့်ပြီဟု ခမရ(၆)တပ်ရင်းမှူး ပြော(ရုပ်သံ)

စစ်ကောင်စီသည် အကာအကွယ်မပေးနိုင်သည့်အဖွဲ့အစည်းဖြစ်နေပြီး တပ်တွင်းကျန်ရှိသူများအမြင်မှန်ရသင့်ပြီဟု ခမရ(၆)တပ်ရင်းမှူး ပြော

ရဲခေါင်/People’s Spring

စစ်ကောင်စီသည် မိမိတပ်သားများကို ကာကွယ်မပေးနိုင်သည့်အဖွဲ့အစည်းဖြစ်နေပြီး တပ်တွင်းကျန်ရှိသူများအနေဖြင့် အမြင်မှန်ရသင့်ပြီဟု ကရင်နီတပ်ပေါင်းစုထံ လက်နက်ချခဲ့သည့် စစ်တက္ကသိုလ်အမှတ်စဥ် (၄၉)ကျောင်းဆင်း ဗိုလ်ကြီး ကောင်းမြတ်ကိုက ပြောသည်။

လက်နက်မချခင် နိုဝင်ဘာ ၁၄ရက်အထိ ၎င်းသည့် တပ်မ (၆၆)လက်အောက်ခံ ခမရ (၆)၌ တပ်ခွဲမှူး တာဝန်ထမ်းဆောင်ခဲ့သည်။

“နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာက ၁၃ ရက်နေ့ ညကတည်းက ဖြစ်တာပေါ့။၁၄ ရက်နေ့ မနက် ၁၀ နာရီ ခွဲလောက်မှာ ကျွန်တော်တို့ ၄၂၅ တပ်ရင်းနဲ့ ခမရ ၆ နှစ်ရင်းပေါင်း တပ်ရင်းမှူးတွေရော ဒုတပ်ရင်းမှူးတွေ မရှိတော့ဘူး။ကျသွားပြီပေါ့နော်။ကျွန်တော်ဦးစီးပြီး အကောင်းဆိုလို့ လေးယောက်လောက်ပဲရှိတော့ တယ်။ကျန်တဲ့သူတွေက လူနာတွေဖြစ်နေပြီ။အဲဒီကနေစပြီး တပ်ကို စစ်ကူတောင်းတယ်။တပ်ကူက ညနေ သုံးနာရီထိ ပေါ်မလာဘူး။ပေါ်မလာတာနဲ့ အခုအဖွဲ့အစည်းက ကိုယ့်အပေါ် ဒီလောက်တောင်မှ ကာကွယ်မပေးနိုင်ဘူးလားဆိုပြီး ကျွန်တော်လည်း လက်နက်ချဖို့ ဆုံးဖြတ်လိုက်တာပါ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ယခုအချိန်မှာ မိမိအဖွဲ့အစည်းသည် ကိုယ့်အပေါ် ကောင်းခြင်း၊ဆိုးခြင်းကို ဆုံးဖြတ်သင့်ကာ အမြင်မှန်ရသင့်နေပြီဟုလည်း ဗိုလ်ကြီး ကောင်းမြတ်ကိုက အသိပေးသည်။

“အခုချိန်ထိ ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန်နဲ့ ကြည့်ရှုစောင့်ရှောက်ပေးပါတယ်။စားဝတ်နေရေးလည်းအဆင်ပြေပါတယ်။ထိခိုက်ဒဏ်ရာရတဲ့ လူနာ(စစ်ကောင်စီတပ်သား)တွေကိုလည်း အကောင်းဆုံးဆေးဝါးတွေနဲ့ ပြုစုပေးနေပါတယ်”ဟု ၎င်းက လက်ရှိ ကရင်နီတပ်ပေါင်းစု၏ ဆောင်ရွက်ပေးနေမှုအပေါ် ရှင်းပြသည်။

ကျန်ရစ်ခဲ့သည့် မိသားစုဝင်များအနေဖြင့်လည်း စိတ်မပူရန်နှင့် ကရင်နီတပ်ပေါင်းစုဘက်မှ နွေးထွေးစွာဆက်ဆံပေးသည်ဟုလည်း ၎င်းက ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ်၏ ၁၁.၁၁ စစ်ဆင်ရေး ၏ တတိယနေ့ နှင့် စတုတ္ထနေ့တိုက်ပွဲများတွင် တပ်မ(၆၆) လက်အောက်ခံ ခမရ (၄၂၅)နှင့် ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDFက ယမန်နေ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၃ရက် တစ်ရက်တွင် လွိုင်ကော်တက္က သိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင် စီ၏ ခမရ(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။

နိုဝင်ဘာ ၁၄ရက်တွင် လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းတပ်စွဲကျန်ရှိနေသော ခမရ(၆)မှ တပ်ဖွဲ့ဝင်များအား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးအား နံနက်ပိုင်းမှစ၍ ညနေပိုင်းတွင် ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့များအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ကောင်းမြတ်ကိုဦးစီးသော စစ်ကောင်စီတပ်သား ၃၂ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း အသိပေးသည်။

ရုပ်သံ – KNDF

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *