ဘဏ်တွေရဲ့ ဂယက်တွေလာပီး ပြည်သူ့ငွေတွေဘယ်ရောက်ကုန်တာလဲ

ရန်ကုန်အပါဝင် မြို့ကြီးများရှိ ကမ္ဘောဇဘဏ်၊ ဧရာ၀တီဘဏ်နှင့် ပုဂ္ဂလိကဘဏ် များတွင် ယနေ့ ငွေ ထုတ်သူ အလွန်များပြားနေ၍ ငွေထုတ်မရသူများ အများအပြား ရှိနေ

■ တိုက်ပွဲများဖြစ်ပွားရာဒေသနှင့် နီးစပ်သော မြို့နယ်များတွင် ပုဂ္ဂလိကဘဏ်များ အားလုံး ရက်အကန့်အသတ်မရှိ ပိတ်သိမ်းနေပြီး ဝန်ထမ်းများကို ၂ လစာထုတ်ပေး၍ အလုပ်မလာခိုင်းတော့၊ ရခိုင်ပြည်နယ်ရှိ ဘဏ်များ ငွေများ ရွှေ့နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းအတွင်းရှိ ကမ္ဘောဇဘဏ်၊ ဧရာ၀တီဘဏ်နှင့်ပုဂ္ဂလိကဘဏ်များတွင် ယနေ့ ငွေထုတ်သူအလွန်များပြားနေ၍ ငွေမလောက်တော့ဟုဆိုကာ ငွေထုတ်သူများကို ပြန်လွှတ်မှုများရှိနေကြောင်း ရန်ကုန်မြို့ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ကမ္ဘောဇဘဏ်၊ ဧရာ၀တီဘဏ် အပါအဝင် ပုဂ္ဂလိဘဏ်များတွင် ယနေ့ ငွေထုတ်ယူသူ အလွန်များပြားနေကြောင်း၊ဘဏ်တချို့တွင် ဘဏ်ပိတ်ချိန် ညနေပိုင်းအထိ ငွေထုတ်မပေးနိုင်တော့သဖြင့် ငွေလာထုတ်သူများကို ပြန်လွှတ်နေကြောင်း သိရှိရသည်။

“ဘဏ်တိုင်းမှာ လူတွေ အပြည့်ပဲ ငွေတွေ ပြန်ထုတ်နေကြတာ။ Special Account တွေရော အကောင့်ဟောင်းတွေရော အကုန် ပြန်ထုတ်နေကြတာ။ ပုဂ္ဂလိကဘဏ်တိုင်းမှာ လူတွေ ပြည့်နေတာ။ တချို့ဘဏ်တွေကတော့ ငွေလာထုတ်တဲ့ အပြည့် ထုတ်မပေးဘူး။ လာထုတ်တဲ့ ၅၀ ရာခိုင်နှုန်းလောက် ထုတ်ပေးတာမျိုးလည်းရှိတယ်။ တာမွေ KBZ ဘဏ်မှာတော့ ငွေမလောက်တော့လို့ဆိုပြီး အကုန်ပြန်လွှတ်တာ” ဟု ငွေထုတ်၍ မရခဲ့သည့် ပြည်သူတစ်ဦးက ပြောဆိုသည်။

သာကေတKBZ ဘဏ်တွင် ငွေထုတ်မရခဲ့သူတစ်ဦးကလည်း ဘဏ်ဖွင့်ချိန်မှစတင်၍ လူအရမ်းများပြားသဖြင့် ငွေထုတ်မရခဲ့ကြောင်း၊ ဘဏ်စာအုပ်ကိုင်၍ ငွေလာထုတ်သူများ အလွန်များပြားကြောင်း ပြောဆိုသည်။

” KBZ Bank ပေးစရာ ပိုက်ဆံမလောက်တော့လို့ ဒီနေ့တော့ မပေးတော့ဘူးလို့ ပြောတယ်။ ဘဏ်မှာ ပေးစရာငွေသားမရှိတော့ဘူးလို့ကို ထုတ်ပြောတာ။ လူတွေကတော့ အုံခဲ့နေတာ” ဟု ငွေထုတ်မရခဲ့သူတစ်ဦးက ဆိုသည်။

အလားတူ ဧရာ၀တီဘဏ်၊ CB ဘဏ်၊ ရိုးမဘဏ်တို့တွင်လည်း ငွေထုတ်သူများပြားပြီး တချို့ဘဏ်များတွင်ငွေထုတ်မရကြောင်း ရန်ကုန်မြို့ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တိုက်ပွဲများဖြစ်ပွားနေပြီး မတည်မငြိမ်ဖြစ်နေသော စစ်ကိုင်းတိုင်း၊ ကချင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်အချို့မှ ပုဂ္ဂလိကဘဏ်များမှာ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းပြီး ဝန်ထမ်များကို လစာ ၂ လစာပေး၍ အလုပ်မှ မလာခိုင်းတော့ကြောင်း၊ ယင်းသတင်းကြောင့် ပုဂ္ဂလိကဘဏ်များမှ ငွေလာထုတ်သူများပြားလာပြီး မိမိတို့ငွေကြေးများ ပြန်လည်ထုတ်ယူရန် အလုအယက် တိုးဝှေ့ကြကြောင်း သိရှိရသည်။

“စစ်ကိုင်းတိုင်းဘက်က ဘဏ်တွေကို ငွေကြေးတွေ ရွှေ့ထားဖို့၊ လိုအပ်လာရင် ဘဏ်တွေ ပိတ်ဖို့ ညွှန်ကြားတာမျိုးတွေရှိတယ်။ နောက်တစ်ခါ ရခိုင်ပြည်နယ်ဘက်မှာလည်း အဲဒီလိုတွေ ပုဂ္ဂလိကဘဏ်တွေ ငွေကြေးတွေ ရွှေ့ပြောင်းဖို့ သက်ဆိုင်ရာ ရွှေ့ပြောင်းတာတွေ ရှိနေတယ်” ဟု ဧရာ၀တီဘဏ်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

လတ်တလော ရခိုင်ပြည်နယ်အတွင်း ရဲစခန်း၊ စစ်တပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးဘဏ်နှင့် လယ်ယာစိုက်ပျိုးရေးဘဏ်တို့က ငွေကြေးများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ သယ်ယူပြောင်းရွှေ့မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က မာန်အောင်၊ ရမ်းဗြဲနှင့် ဘူးသီးတောင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်တို့က ငွေကြေးများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သယ်ယူပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ဘဏ်ဝန်ထမ်းများနှင့် ဒေသခံများထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်း ပေါက်တောမြို့နှင့် မြောက်ဦးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ငွေကြေးများကို စစ်ကောင်စီ တပ်သားများက ယူဆောင်သွားပြီဖြစ်ဟု သိရသည်။

ပေါက်တော ဒေသခံမျက်မြင်တစ်ဦးက “ဒီနေ့ နံနက်ပိုင်းက စစ်ကောင်စီ စစ်ရေယာဉ်ဟာ ပေါက်တောမြို့ကမ်းကို ဆိုက်ကပ်ပြီး အင်အား ၃၀ ကျော်ပါတဲ့ စစ်ကြောင်းက စီးပွားရေးဘဏ်ကို သွားပြီး ငွေတွေကို စစ်ရေယာဉ်ဆီ ယူသွားတယ်။ ဘာကြောင့် ယူတယ်ဆိုတာမျိုးကို မသိရဘူး။ AA က မြို့ကို ဝင်သိမ်းရင် ပါသွားမှာစိုးလို့ပဲ ထင်ပါတယ်” ဟု ပြောသည်။

မြောက်ဦးမြို့တွင်လည်း မြို့မရဲစခန်းအနီးမှာရှိသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် ညောင်ပင်ဈေးရပ်ကွက်မှာရှိသည့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ငွေကြေးများကို စစ်သား၊ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ယူဆောင်သွားကြောင်း အလယ်ဈေးရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

“၁၃ ရက်နေ့ကတည်းက ညောင်ပင်ဈေးရပ်ကွက်မှာရှိတဲ့ စိုက်ပျိုးရေးဘဏ်က ငွေတွေကို ရဲတပ်ဖွဲ့ဝင်တွေ လာပြီ ယူသွားတယ်။ ဒီနေ့မှာဆိုရင်လည်း စစ်တပ်၊ ရဲ ပူးပေါင်းအဖွဲ့က ရဲစခန်းအနီးမှာရှိတဲ့ စီးပွားရေးဘဏ်က ငွေတွေကို ယူသွားတယ်။ ဘယ်ကို ယူသွားတာလဲ မသိရပေမယ့် ၅၄၀ တပ်ရင်းကို ယူသွားတယ်လို့ ထင်တာပဲ။ မြောက်ဦးမှာရှိတဲ့ တပ်ရင်း ၃ ခုလုံးကို ၅၄၀ တပ်ရင်းကပဲ အဓိက ချုပ်ကိုင်ထားတာဆိုတော့လေ” ဟု ပြောသည်။

ဓာတ်ပုံ- ရန်ကုန်ရှိ KBZ ဘဏ်ခွဲတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *