ရှမ်းမြောက်နှင့် ရခိုင်တွင် ညီနောင်မဟာမိတ်က စခစခန်းများကို ဆက်လက်သိမ်းပိုက်

ရှမ်းမြောက်နှင့် ရခိုင်တွင် ညီနောင်မဟာမိတ်က စစ်ကောင်စီစခန်းများကို ဆက်လက်သိမ်းပိုက်

လားရှိုး – နိုဝင်ဘာ ၁၇၊ ၂၀၂၃။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများကို ယမန်နေ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ကိုးကန့် တုန်းရှမ်းဒေသ၊ ခုတ်ထန်ရှိ စစ်ကောင်စီတပ်စခန်းကို MNDAA တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၅ နာရီခွဲခန့်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၆ နာရီကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၁ နာရီခွဲအချိန်တွင် အောင်မြင်စွာသိမ်းယူနိုင်ခဲ့ကြောင်း The Kokang က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာလ ၁၅ ရက်နေ့ကလည်း ဟုန်ရှင်းဒေသ၊ မော်ထိုက်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းများ၊ လောက်မှုကျူတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်း၊ ရှင်းဖျင်ကိုင် လျှံဖုန်ရွှေ၊ မော်ထိုက်စိုင်းကျောက်ရှမ်နှင့် တလင်ကဲတောင်ကုန်းရှိ စစ်ကောင်စီစခန်းနှင့် ဗျူဟာကုန်းများကို ကိုးကန့် MNDAA တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ မြို့မရဲစခန်းကိုလည်း ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ခိုက်သိမ်းပိုက်မှုတွင် လက်နက်ချအညံ့ခံခဲ့သူများကို ရက္ခိုင့်တပ်တော် (AA) က တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းခန့်ပေးကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် နေ့လယ်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထို့အပြင် ပလက်ဝမြို့နယ်နှင့် မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာ၊ နှုံးဘူးဗျူဟာနှင့် ဒုံးညိုစခန်းတို့ကိုလည်း ယမန်နေ့တစ်နေ့တည်းတွင် ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့က “၁၀၂၇” စစ်ဆင်ရေး စတင်ခဲ့သည့်အချိန်မှ ယနေ့အထိ ၂၁ ရက်အတွင်း စစ်ကောင်စီ၏ တပ်စခန်း အကြီးအသေး စုစုပေါင်း ၁၅၀ ကျော်သိမ်းပိုက်ရရှိထားကြောင်းသိရသည်။

သတင်း – Thu Ta

ဓါတ်ပုံ – The Kokang

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *